
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး စက်တင်ဘာ ၂၅ ရက် ည ၇ နာရီမှာ မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
စစ်ကောင်စီကလုပ်မယ့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကိစ္စတွေလုပ်နေတာ၊ လူငယ်တွေကို မတရားဖမ်းဆီး ပေါ်တာဆွဲပြီး စစ်မှုထမ်းတပ်သားသစ် လိုအပ်နေတဲ့နေရာတွေကို ရောင်းစားနေတာကြောင့် မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
Yangon Army မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “ထိခိုက်မှု ၄ ဦးထက်မနည်းရှိတယ်။ မြေပြင်သတင်းပေးပို့တဲ့ဆီက သတင်းရတယ်။ အုပ်ကြီးနောက်လိုက် ပျူစောထီးတွေ ထိတာ” လို့ ပြောပါတယ်။
မိုင်း ၂ လုံးနဲ့ အောင်အောင်မြင်မြင်ဖောက်ခွဲတိုက်ခိုက်ခဲ့တာမှာ ပစ်မှတ်ကိုထိပြီး ဒဏ်ရာရသူတွေကို လူနာတင်ကားတွေနဲ့ လာရောက်သယ်ယူသွားတယ်လို့ ဆိုပါတယ်။
သြဂုတ် ၃၀ ရက်ကလည်း လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရုံးကို Yangon Army က လက်ပစ်ဗုံးတွေနဲ့ သွာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
Yangon Army မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာမပါဝင်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ၊ သူတို့လက်အောက်ခံ အဖွဲ့တွေနဲ့ ကင်းကင်းရှင်းရှင်းနေကြဖို့ သတိပေးထားပြီး ပါဝင်ပတ်သက်သူတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။