
ဒိန်းမတ်နိုင်ငံရှိ အားလ်ဘော့ဂ်လေဆိပ်ရဲ့ လေပိုင်နက်အတွင်းမှာ ဒရုန်းတွေ ပေါ်လာတာကြောင့် လေဆိပ်ကို ပိတ်ထားရကြောင်း လေဆိပ်ပြောရေးဆိုခွင့်ရှိသူတယောက်က စက်တင်ဘာ ၂၄ ရက် နှောင်းပိုင်းမှာ ပြောပါတယ်။
ဒါဟာ ဥရောပရဲ့ လေကြောင်းအာကာသကို လှုပ်ခါလိုက်တဲ့ ဒရုန်းပျံသန်းမှုတွေကြောင့် ဒိန်းမတ်နိုင်ငံရဲ့ အဓိက ကိုပင်ဟေဂင်လေဆိပ်ကို ပိတ်ချခဲ့ပြီး ၂ ရက်အကြာမှာ ခုလို ထပ်ဖြစ်ပွားတာပါ။
ကိုပင်ဟေဂင်လေဆိပ်မှာ လေယာဉ်ပျံသန်းမှု ၄ နာရီကြာ ရပ်နားခဲ့ရတဲ့ ဒရုန်းတွေဟာ သူ့ရဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေပေါ်မှာ အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်ပြီး သူတို့ကို သံသယရှိစရာ ရုရှားဒရုန်းတွေ ဆက်တိုက်ကျူးကျော်မှုတွေအပြင် ဥရောပတလွှား တခြားအနှောင့်အယှက်တွေနဲ့လည်း အချိတ်အဆက်တွေ ရှိနေတယ်လို့ ဒိန်းမတ်က စက်တင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။
ဥရောပလေကြောင်းသွားလာမှု ထိန်းချုပ်ရေးကို ကြီးကြပ်တဲ့ ယူရိုကွန်ထရိုးလ် စစ်ဖက်အရပ်ဖက် အာကာသ အဖွဲ့အစည်းကတော့ လေဆိပ်အနီးတဝိုက်ရှိ ဒရုန်းလှုပ်ရှားမှုတွေကြောင့် ကြာသပတေးနေ့က အားလ်ဘော့ဂ်လေဆိပ်မှာ လေယာဉ်ဆိုက်ရောက်မှုနဲ့ ထွက်ခွာမှုတွေ လုံးဝရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
လေဆိပ်အနီးမှာ ဒရုန်းတွေကို တွေ့ရှိခဲ့ရပြီး သူတို့ဟာ လေဆိပ်မှာ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေကြောင်း မြောက်ပိုင်း ဒိန်းမတ်မြို့မှ ရဲတပ်ဖွဲ့ရဲ့ ဆိုရှယ်မီဒီယာ ပလပ်ဖောင်း X မှာ ရေးသားခဲ့ပါတယ်။
အဲဒီဒရုန်းအရေအတွက်နဲ့ ပတ်သက်လို့ အားလ်ဘော့ဂ် လေဆိပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
ဒရုန်းတွေကြောင့် လေကြောင်းခရီးစဉ် ၄ ခု ထိခိုက်ခဲ့ပြီး အဲဒီထဲမှာ SAS လေယာဉ် ၂ စင်း၊ နော်ဝေ လေယာဉ် ၁ စင်းနဲ့ KLM လေယာဉ် ၁ စင်းတို့ ပါဝင်ကြောင်းလည်း ဆိုပါတယ်။
Source: Reuters


