
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ၂ ရက်ကြာ ပအိုဝ်းအမျိုးသားညီလာခံကို ကျင်းပနေတယ်လို့ တက်ရောက်နေသူတွေဆီက သိရပါတယ်။
ပအိုဝ်းအမျိုးသားညီလာခံကို တောင်ကြီးမြို့ ကံကြီးရပ်ထဲက ပအိုဝ်းအမျိုးသားကွင်းမှာ စက်တင်ဘာ ၂၅ ရက်ကနေ ၂၆ ရက်အထိ လုပ်မှာဖြစ်ပြီးတော့ အဲဒီမှာပဲ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းကို ကြေညာဖို့ရှိနေပါတယ်။
ဒေသခံတယောက်က “အစီရင်ခံစာတင်သွင်းပြီး ဖတ်ကြားပြမယ်လို့တော့ ဖိတ်စာမှာ ရေးသားထားတယ်။ ဆွေးနွေးချက်တွေတော့ မှတ်တမ်းတင်ထားရုံ သဘောပဲ ရှိမယ်ထင်တယ်။ မူဝါဒ လုပ်ငန်းစဉ် ရည်မှန်းချက်တွေက သူတို့ ချပြမယ် ထင်တာပဲ။ တက်ရောက်လာသူတွေရဲ့ အဆိုတွေကို မှတ်တမ်းတင်ထားရုံလောက်ပဲ ရှိမယ်။ အဓိကတော့ ရွေးကောက်ပွဲအတွက် စည်းရုံးရေး ဆင်းချင်တာ။ ထူးခြားတာက ပါတီတွင်းခေါင်းဆောင် ပြန်ရွေးမယ်။ နောက်တခုက ပါတီလူကြီးတွေရဲ့ သားသမီးတွေကိုလည်း ပွဲတက်ခိုင်းတာ တွေ့ရတယ်” လို့ ပြောပါတယ်။
ဆယ်စုနှစ်မှ တကြိမ် PNO က ဦးဆောင်ပြုလုပ်တတ်တဲ့ ပအိုဝ်းအမျိုးသားညီလာခံကို ဒေသတွင်း စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်ထဲက ပုဂ္ဂိုလ်တွေနဲ့ ကျေးရွာ သူကြီးအုပ်စုတွေ အများဆုံး တက်ရောက်ကြတယ်လို့လည်း ဆိုပါတယ်။
ဒီနေ့ ပအိုဝ်းတမျိုးသားလုံးညီလာခံမှာ သက်ဆိုင်ရာဒေသအလိုက် အစီရင်ခံစာတွေကို ရေးတင်ကြမှာ ဖြစ်ပြီးတော့ စက်တင်ဘာ ၂၇ ရက်မှာ ဆုံးဖြတ်ချက်နဲ့ ဦးတည်ချက်တွေ ထွက်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တက်ရောက်တဲ့ ဒေသခံတယောက်ကလည်း “အခုမှထလုပ်တာဆိုတော့ ဒေသတွင်းမှာ တဖက်အဖွဲ့ကို ပထုတ်ချင်တဲ့သဘောလည်း ပါသလို ဒီဘက်အဖွဲ့အင်အား အခိုင်အမာရဖို့နဲ့ ရေရှည်ရပ်တည်နိုင်ဖို့လို့ပဲ မြင်တယ်။ အခု ထူးခြားတာက ဒေသတွင်း ပအိုဝ်းတိုင်းရင်းသားတွေကို ဖိတ်ကြားပြီး တဖက် အတိုက်အခံဘက်က ပုဂ္ဂိုလ်တွေကို ဖိတ်ကြားတာမရှိဘူး။ အရင်တုန်းကတော့ PNLO က ပုဂ္ဂိုလ်တွေကို ဖိတ်ကြားတယ်။ ဆက်ဆံရေးသဘောလိုမျိုးပေါ့။ အခုတော့ မဖိတ်ဘူး”လို့ ပြောပါတယ်။
ပအိုဝ်းအမျိုးသားညီလာခံကို ၂၀၁၅ ခုနှစ်က ကျင်းပခဲ့ဖူးပြီး အခုတကြိမ်ဟာ ၇ ကြိမ်မြောက် ဖြစ်ပါတယ်။
ညီလာခံကို ဟိုပုံး၊ ဆီဆိုင်၊ မောက်မယ်၊ နမ့်စန်၊ လွိုင်လင်၊ ပင်လုံ၊ မိုင်းကိုင်၊ လင်းခေး၊ မိုင်းပန်၊ တောင်ကြီး၊ ကျောက်တလုံး၊ ညောင်ရွှေ၊ ပင်လောင်း၊ နောင်တရား၊ ရပ်စောက်၊ ကလော၊ ရွာငံ၊ ပင်းတယတို့ ဖိတ်ကြားခံရသူတွေ တက်ရောက်တာ တွေ့ရတယ်လို့ ဆိုပါ တယ်။
PNO ရဲ့ လက်နက်ကိုင်တပ် PNA ပြည်သူ့စစ်ဟာ စစ်ကောင်စီအတွက် စစ်ရေးကူညီပေးနေတာ ဖြစ်ပါတယ်။
PNO ကတော့ လာမယ့်ရွေးကောက်ပွဲကို တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေ၊ ရပ်စောက်၊ ကလော၊ ပင်းတယ၊ ဖယ်ခုံ၊ နမ့်စန်၊ မောက်မယ်၊ လွိုင်လင်တို့က မဲဆန္ဒနယ် ၂၉ ခုမှာ ကိုယ်စားလှယ်လောင်း ၅၁ ယောက်နဲ့ နိုင်သူအကုန်ယူစနစ်ရော၊ အချိုးကျကိုယ်စားပြု PR အတွက်ပါ ဝင်ပြိုင်ဖို့ရှိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲတွေအတွက် မဲဆန္ဒရှင်တဦးဟာ မဲတမဲသာ ပေးရမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီးတော့ အဲဒီတမဲဟာ နိုင်သူအကုန်ယူစနစ်ရော၊ အချိုးကျကိုယ်စားပြု PR အတွက်ပါ ထည့်သွင်း ရေတွက်မယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။