Home
နိုင်ငံတကာ
ရုရှားသိမ်းပိုက်နယ်မြေအားလုံး ယူကရိန်း ပြန်ရယူနိုင်မည်ဟု ထရမ့်ပ်ပြော
DVB
·
September 24, 2025
Photo :Reuters

ဥရောပသမဂ္ဂနဲ့ NATO တို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ယူကရိန်းဟာ ရုရှား ကျူးကျော်သိမ်းပိုက်ထားတဲ့ သူ့နယ်မြေတွေ အားလုံးကို ပြန်ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စက်တင်ဘာ ၂၂ ရက်မှာ ပြောကြားလိုက်ပါတယ်။

ယူကရိန်း-ရုရှား စစ်ရေးနဲ့ စီးပွားရေး အခြေအနေတွေကို သိရှိကာ အပြည့်အဝ နားလည်လာပြီးနောက် ရုရှားမှာ စီးပွားရေးပြဿနာ ဖြစ်ပေါ်စေပြီးနောက်မှာ ဥရောပသမဂ္ဂရဲ့ ပံ့ပိုးမှုနဲ့ ယူကရိန်းဟာ တိုက်ပွဲဝင်နိုင်ကာ အနိုင်ရပြီးတော့ သူ့ရဲ့ နဂိုမူလပုံစံအတိုင်း အားလုံးကို ပြန်ရယူနိုင်မယ့် အနေအထားမှာ ရှိနေပြီလို့ ထင်မြင်ကြောင်း ထရမ့်ပ်က သူ့ရဲ့ ထရုသ် ဆိုရှယ်မီဒီယာမှာ ပြောထားပါတယ်။

အချိန်ရယ်၊ စိတ်ရှည်သည်းခံမှုနဲ့ ဥရောပရဲ့ ဘဏ္ဍာရေးပံ့ပိုးမှုရယ် အထူးသဖြင့် NATO ဆီက အထောက်အပံ့တွေကြောင့် ဒီစစ်ပွဲ စတင်ခဲ့ရာ မူလနယ်မြေတွေဟာ သိပ်ကိုသေချာတဲ့ ရွေးချယ်စရာတွေ ဖြစ်လာခဲ့ပြီလို့လည်း ဆိုပါတယ်။

ထရမ့်ပ်က ရုရှားရဲ့ စစ်ရေးဆောင်ရွက်ပုံကို ဝေဖန်ခဲ့ပြီး “တကယ့် စစ်ရေးအင်အားကြီးတဲ့နိုင်ငံက တပတ်အတွင်း အနိုင်ရနိုင်မယ့်စစ်ကို ရှုပ်ထွေးပြီး ဦးတည်ရာမဲ့ တိုက်ပွဲဝင်နေတာ” လို့ ပြောလိုက်ပါတယ်။

ဒါက ရုရှားကို ခွဲခြားတာ မဟုတ်ပေမဲ့ တကယ်တော့ အဲဒါက သူတို့ကို ‘စက္ကူကျား’ နဲ့တူအောင် လုပ်ထားတာလို့လည်း ထရမ့်ပ်က ဆိုပါတယ်။

ပူတင်နဲ့ ရုရှားတို့ဟာ ကြီးမားတဲ့ စီးပွားရေးပြဿနာနဲ့ ရင်ဆိုင်နေကြရပြီး အခုချိန်ဟာ ယူကရိန်းအတွက် လုပ်ဆောင်ရမယ့်အချိန်ဖြစ်တယ်လို့လည်း ထရမ့်ပ်က သူ့ပို့စ်မှာ ဖော်ပြထားပါတယ်။

NATO ကို သူတို့အလိုရှိသလို လုပ်ဆောင်နိုင်ဖို့အတွက် အမေရိကန်ဟာ NATO ကို လက်နက်တွေ ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့လည်း ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့မှာပဲ ကုလလုံခြုံရေးကောင်စီမှာ ယူကရိန်းအရေး အစည်းအဝေးကို တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအို ကလည်း ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးအတွက် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စိတ်ရှည်သည်းခံမှုဟာ အကန့်အသတ်မဲ့ မဟုတ်ဘူးလို့ ပြောကြားလိုက်ပြီး “ဆက်လက်ရန်စမှုတွေ” အတွက် “ကုန်ကျစရိတ်” ကို ထရမ့်ပ်က စည်းကြပ်မယ့်အချိန် ရောက်လာလိမ့်မယ်လို့လည်း ဆိုပါတယ်။

ကုလလုံခြုံရေးကောင်စီမှာ ရူဘီအိုရဲ့ မှတ်ချက်စကားကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ကြီးမားတဲ့ အပြောင်းအလဲပဲလို့ ဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂမှာ စက်တင်ဘာ ၂၃ ရက်အစောပိုင်းက ယူကရိန်းခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ ထရမ့်ပ်ဟာ စစ်ပွဲအဆုံးသတ်ရေးအတွက် ကိယက်ဗ်နဲ့ မော်စကို နှစ်ဖက်စလုံးက မြေတွေ လက်လွှတ်ရမယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024