Home
နိုင်ငံတကာ
ကိုယ်ဝန်ဆောင်စဉ် ပါရာစီတမောသုံးစွဲခြင်းမှ ရှောင်ကြဉ်ရန် ထရမ့်ပ် တိုက်တွန်း
DVB
·
September 23, 2025
Photo: UNRESTRICTED POOL / REUTERS

ကိုယ်ဝန်ဆောင်မိခင်တွေကို အကိုက်အခဲပျောက်ဆေး Tylenol မပေးဖို့ အမေရိကန်ဆရာဝန်တွေကို မကြာခင်မှာ လမ်းညွှန်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောလိုက်ပါတယ်။

Tylenol မှာ အဓိကပါတဲ့ ပါရာစီတမော (အမေရိကန်မှာ Acetaminophen) ဟာ အော်တစ်ဇင် (autism) အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာ ရောဂါနဲ့ ဆက်စပ်နိုင်တယ်ဆိုတဲ့ အငြင်းပွားဖွယ်အချက်ကို ကိုးကားပြီး ထရမ့်ပ်က ပြောခဲ့တာပါ။

သူက ဒီဆေးဟာ ကိုယ်ဝန်ဆောင်တွေအတွက် “မကောင်းဘူး” လို့ ပြောပြီး အရမ်းဖျားမှပဲ သောက်သင့်တယ်လို့ ပြောခဲ့ပါတယ်။

ဒီကြေညာချက်ကို ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာနဲ့အတူ ထုတ်ပြန်ခဲ့ပြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ဆရာဝန်တွေကို သတိပေးချက် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီအကြံပြုချက်ကို အမေရိကန် သားဖွားနဲ့ မီးယပ်အထူးကုဆရာဝန်များအသင်းကြီး (ACOG) အပါအဝင် ထိပ်တန်းကျန်းမာရေးအဖွဲ့အစည်းတွေက သိပ္ပံနည်းကျ အထောက်အထား အပြည့်အစုံ မရှိဘူးဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

အဲဒီအဖွဲ့အစည်းတွေရဲ့ အဆိုအရ ပါရာစီတမောဟာ ကိုယ်ဝန်ဆောင်တွေအတွက် ဘေးအကင်းဆုံး အကိုက်အခဲပျောက်ဆေးတွေထဲက တခုဖြစ်ပါတယ်။

လတ်တလော လူပေါင်း ၂ ဒသမ ၄ သန်းကျော် ပါဝင်တဲ့ ဆွီဒင်နိုင်ငံရဲ့ လေ့လာမှုကြီးတခုမှာလည်း ပါရာစီတမောနဲ့ အော်တစ်ဇင်ကြား တိုက်ရိုက်ဆက်စပ်မှုမရှိဘူးလို့ တွေ့ခဲ့ရပါတယ်။

ဆေးထုတ်တဲ့ Kenvue ကုမ္ပဏီကလည်း ဒီအဆိုကို ပယ်ချပြီး သူတို့ဆေးဟာ ဘေးကင်းတယ်လို့ ခုခံပြောထားပါတယ်။

ဒါ့အပြင် Leucovorin ဆိုတဲ့ဆေးကို အော်တစ်ဇင်ကလေးတွေအတွက် ကုသဆေးအဖြစ် မကြာခင် အတည်ပြုပေးတော့မယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Leucovorin ဆိုတာက ကင်ဆာလူနာတွေကို ကီမိုဓာတ်ကင်တဲ့ ဘေးဒဏ်ကနေ ကာကွယ်ဖို့ အရင်ကတည်းက သုံးနေတဲ့ ဆေးတမျိုး ဖြစ်ပါတယ်။

အော်တစ်ဇင်ကလေးတချို့မှာ တွေ့ရတတ်တဲ့ ဖောလိတ် (ဗီတာမင်ဘီတမျိုး) ချို့တဲ့မှုကို ကူညီပေးနိုင်တာကြောင့် စကားပြောစွမ်းရည် တိုးတက်စေနိုင်တယ်လို့ ဆိုပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013