
ပြည်တွင်းဆီစက်တွေက ထွက်ရှိလာတဲ့ ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ မုံညင်းဖတ်၊ ပန်းနှမ်းဖတ်၊ ပဲပုတ်ဖတ် စတဲ့ ဆီကြိတ်ဖတ်တွေကို တိရစ္ဆာန် အစာအဖြစ် အသုံးပြုပြီး ပြည်တွင်း မွေးမြူရေးလုပ်ငန်းတွေက အဓိကဝယ်ယူနေတာပါ။
လတ်တလောမှာ ဆီကြိတ်ဖတ်ဈေးတွေ မြင့်တက်နေတာကြောင့် မွေးမြူရေး ကဏ္ဍအပေါ် သက်ရောက်မှု ရှိလာပြီး အများပြည်သူ နေ့စဉ် ဝယ်ယူ စားသုံး နေတဲ့အသား၊ ငါး၊ ဥနဲ့ နို့ဈေးတွေ မြင့်တက်လာနိုင်တယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်း MEOMA က သတိပေးချက် ထုတ်ထားပါတယ်။
ဒါ့အပြင် လတ်တလော ပြည်တွင်း တိရစ္ဆာန်အစာ လိုအပ်ချက်အရ ပြည်ပကနေ ပဲပုပ်ဖတ်တွေ တင်သွင်းရနိုင်တဲ့ အခြေအနေကို ရောက်ရှိနေတာဖြစ်လို့ ပြည်တွင်းဆီစက်တွေကလည်း ဆီကြိတ်ဖတ်တွေကို ကုန်ချိန်များများ သိုလှောင်ပြီး ဈေးနှုန်းကြီးမြင့်အောင် မလုပ်ဖို့ အသင်းက အသိပေး အကြောင်းကြားထားတာ တွေ့ရပါတယ်။
မွေးမြူရေးကဏ္ဍမှာ အစာဖိုးကုန်ကျစရိတ်က ထုတ်လုပ်မှုကုန်ကျစရိတ် စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းအထိ ရှိတာကြောင့် အစာဈေးနှုန်း ကြီးမြှင့်မှုက မွေးမြူရေးထုတ်ကုန်တွေရဲ့ ဈေးနှုန်းအပေါ် ကြီးမားတဲ့သက် ရောက်မှုရှိပါတယ်။
လက်တလော ပြည်တွင်း မွေးမြူရေးကဏ္ဍမှာ အစာဈေးကြီးမြင့်တာအပြင် ဆေးဝါးဈေးနှုန်းး၊ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ အထွေထွေ ကုန်ကျစရိတ်တွေ ပိုကုန်ကျလာတာကြောင့် ရပ်နားထားရတဲ့ လုပ်ငန်းတွေလည်း များစွာ ရှိနေပါတယ်။
အခုလို မွေးမြူရေးလုပ်ငန်းတွေ ရပ်နားလာတာအပြင် အစာဈေးနဲ့ ထုတ်လုပ်မှု အထွေထွေကုန်ကျစရိတ်တွေ ကြီးမြှင့်လာတာကြောင့် ဈေးကွက်အတွင်းမှာ မွေးမြူရေးထုတ်ကုန်တွေဖြစ်တဲ့ အသား၊ ငါးနဲ့ ကြက်ဥ၊ နို့ ဈေးတွေ အဆမတန် မြင့်တက်နေပါတယ်။
ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က “အခုတောင်မှပဲ ချွေတာ စားနေရတာ၊ ကြက်ဥနဲ့ ပြီး နေရတာကို ဒီထက်မှ ထပ်တက်လာရင်တော့ အသားဆို ကိုင်တောင် မကြည့်ရဲတော့ဘူး” လို့ ပြောပါတယ်။
စစ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က ကြက်ဥ ၁ လုံး ၁၀၀ ကျပ်၊ ကြက်သား (CP) တပိဿာကို ၄၅၀၀ ကျပ် ရှိရာကနေ လက်ရှိမှာတော့ ကြက်ဥတလုံး ၅၀၀ ကျပ်၊ ကြက်သား (CP) တပိဿာကို ၂,၂၀၀၀ ကျပ် အထိ ဈေးမြင့်တက်လာပါတယ်။