
ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၂ တံတားကို အခု စက်တင်ဘာလအတွင်းမှာ ပြန်ဖွင့်လှစ်သွားနိုင်ခြေရှိတယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ လုပ်ငန်းရှင်အသိုက်အဝန်းဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက် မနက်မှာ မြန်မာဘက်ကနေ ကြိုတင်အကြောင်းကြားထားတာမရှိဘဲ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၂ တံတားကို ပိတ်ခဲ့တာဖြစ်လို့ ကုန်ကားတွေ အခက်တွေ့ခဲ့ရပါတယ်။
အဓိက ကုန်စည်စီးဆင်းနေတဲ့ လမ်းကြောင်းတွေထဲက တခုဖြစ်တဲ့အတွက် နှစ်နိုင်ငံကုန်သွယ်ရေးမှာ ထိခိုက်ခဲ့ရပြီး ထိုင်းဘက်က ကုန်ကားတွေ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်တာကြောင့် ထိုင်းဘက်က ပိုပြီး အထိနာခဲ့တာ ဖြစ်ပါတယ်။
ထိုင်းဘက်က အာဏာပိုင်တွေက စစ်ကောင်စီဘက်က တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံမှုတွေ လုပ်နေခဲ့ပြီး အခုလထဲမှာ ပြန်ဖွင့်လာနိုင်ကြောင်း နှစ်နိုင်ငံကုန်သွယ်နေတဲ့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“ထိုင်းက ၁၀၀ ရာခိုင်နှုန်း ဖွင့်ချင်တယ်လေ။ မြန်မာဘက်ကျတော့ BGF နဲ့ နည်းနည်း ညှိနေရတာပေါ့။ ဘာလို့ဆိုတော့ စစ်တပ်က အခု မြဝတီမှာ အကုန်လုံး အထိုင်ချထားပြီးပြီလေ။ ဒီလမကုန်ခင်တော့ ဖွင့်မှာပဲ။ ဘာလို့ပြောရလဲ ဆိုရင်တော့ မြဝတီမှာ သူတို့ အကုန်ထိန်းချုပ်ထားပြီးပြီလေ။ ကျန်တဲ့အဖွဲ့တွေက သိပ်မရှိတော့ဘူး။ သူတို့က ဖွင့်မှာ၊ ပြီးတော့ ထိုင်းက ပိုပြီးတော့ ဖိအားပိုပေးတယ်၊ ပေးတော့ သူတို့ဘက်ကလည်း ဖွင့်မယ်။ တနေ့တနေ့ ဆုံးရှုံးနေတဲ့ ဝင်ငွေက အများကြီးပဲလေ။ ကျနော့်အထင်က ဒီလကုန်တာနဲ့ဖွင့်၊ မဟုတ်လည်း မကုန်ခင်ဖွင့်မှာ၊ မကြာဘူး အရိပ်အယောင်က မြင်နေရပြီ။”
အခုလိုပိတ်ပင်ခဲ့မှုက ကြီးမားတဲ့ ကုန်စည်စီးဆင်းမှုကို ရပ်တန့်စေပြီး ခန့်မှန်းခြေ ကုန်သွယ်မှုတန်ဖိုး ဘတ်သန်း ၁၃၀ ကို ခြိမ်းခြောက်တာဖြစ်ကြောင်း The Nation Thailand သတင်းက ဩဂုတ်လထဲမှာ ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်မှာတော့ စစ်တပ်က ကော့ကရိတ် အာရှလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်လမ်းတွေ တံတားတွေ ပြင်ဆင်ကာ မြဝတီမှာ စစ်တပ် အထိုင်ပြန်ချထားတဲ့အတွက် အမှတ် ၂ တံတားဖွင့်လှစ်ဖို့ မကြာတော့ကြောင်း နယ်စပ်ကုန်သည်တယောက်ကလည်း ပြောပါတယ်။
“လက်ရှိတော့ စစ်ကောင်စီဘက်က အာရှလမ်းကို ထိုးဖောက်ဝင်ရောက်လာပြီး သင်္ကန်းညီနောင်ကို ထိန်းချုပ်ထားတဲ့ အခုလိုအနေအထားမှာ တံတားပြင်နေတယ် အောက်မှာ။ ပြီးတော့ ကုန်သွယ်ရေးဝန်ကြီးနဲ့လည်း မြန်မာစစ်ကောင်စီနဲ့ တွေ့တယ်ဆိုတော့ နယ်စပ်ဒေသကုန်သွယ်မှုဖွင့်ဖို့ ဆွေးနွေးကြတယ် ထင်တယ်။ အဲဒီတော့ ပြန်ဖွင့်ဖို့က ဒီလပိုင်း ဒီလကုန်လောက်မှာ ဖြစ်သွားမယ်ထင်တယ်။”
စက်တင်ဘာ ၅ ရက်တုန်းက စစ်ကောင်စီတပ်တွေဟာ DKBA နဲ့ BGF တပ်တွေရဲ့ အကူအညီနဲ့ အင်အားဖြည့်တင်းကာ အာရှလမ်းမကြီး၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်းနဲ့ သင်္ကန်းညီနောင်ဘက်ကနေ ထိုးဖောက်ဝင်ရောက်လာတဲ့အတွက် KNLA ပူးပေါင်းတပ်တွေက ယာယီဆုတ်ခွာပေးခဲ့ရပြီး စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်က အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဝါဒဖြန့်သတင်းတွေကနေ ကြေညာနေပေမဲ့ ကုန်သွယ်ရေးလမ်းကြောင်းအနေနဲ့ ပြန်လည်အသုံးပြုဖို့တော့ မလွယ်ကူနိုင်ကြောင်း နှစ်နိုင်ငံကုန်သွယ်နေတဲ့ လုပ်ငန်းရှင်က ထပ်ပြောပါတယ်။
“အာရှလမ်းမှာကတော့ အဆင်မပြေသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာရှလမ်းမှာက နဂိုလို ဖွင့်လို့မရသေးတာက PDF တွေကလည်း ခြုံခိုတိုက်နိုင်တာပဲလေနော်။ လမ်းဟောင်းရယ် ထို့ကော်ကိုးဘက်ရယ်ပဲ ကြည့်ပြီးတော့ လုပ်ရမှာပဲ။ ဘာလို့လဲဆိုတော့ အာရှလမ်းကို ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်တာလည်း မဟုတ်သေးဘူးလေနော်။ ဆုတ်သွားတဲ့သူတွေဘက်ကတော့ ဘယ်ပေးမလဲ။ လောလောဆယ်တော့ ပြန်ပေးထားတာဆိုပေမဲ့ သူတို့ ပြန်ချလာနိုင်တယ်။”
မြန်မာနိုင်ငံအတွက် အဓိက လူသုံးကုန်နဲ့ စားသောက်ကုန်တွေ တင်ပို့နေတဲ့နိုင်ငံက အိမ်နီးချင်း ထိုင်းနိုင်ငံဖြစ်ပြီး တလကြာ အမှတ် ၂ တံတားကို ပိတ်ထားခဲ့တာကြောင့် မြန်မာနိုင်ငံဘက်မှာတော့ ထိုင်းနိုင်ငံထုတ် လူသုံးကုန်နဲ့ စားသောက်ကုန်တွေ ဈေးမြင့်တက်တာနဲ့ ကုန်စည်ရှားပါးတာကို ခံစားနေကြရပါတယ်။
ဝေဝေ