Home
မြန်မာသတင်း
ထိုင်း-မြန်မာ ကုန်သွယ်မှုလမ်းကြောင်းပြောင်းရန် ဆွေးနွေး  
DVB
·
September 2, 2025
Photo: mgronline

မဲဆောက် - မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားမှ ကုန်စည်သယ်ဆောင်ခွင့် မြန်မာဘက်ခြမ်းက ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်ရေးကျဆင်းနေပြီး အဆိုပါပြဿနာ ဖြေရှင်းဖို့  ကုန်သွယ်မှုလမ်းကြောင်းပြောင်းဖို့  ထိုင်း- မြန်မာ ကုန်သွယ်မှုဆိုင်ရာ တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ ရက် ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းဘက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နိုင်ငံခြား ကုန်သွယ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နန်းအာရဒါ ဖွန့်ထောင်း ဦးဆောင်တဲ့ တာဝန်ရှိသူတွေနဲ့ မြန်မာဘက်က ထိုင်းနိုင်ငံဆိုင်ရာ  မြန်မာနိုင်သံအမတ်ကြီး ဦးဇော်ဇော်စိုး နဲ့ တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြတာပါ။ 

ထိုင်းဘက်က ပို့ကုန်တွေ ထိိခုက်စေတဲ့  Import License သွင်းကုန်လိုင်စင် ဖြေလျော့ပေးမယ့် နည်းလမ်းရှာဖွေဖို့ ဆွေးနွေးပြီး ကုန်ပစ္စည်းတွေကို  မဲဆောက် -  မြဝတီလမ်းကြောင်းကနေ ကော့ သောင်း - ရနောင်း  ဒါမှမဟုတ် တာချီလိတ် - မယ်ဆိုင် လမ်းကြောင်းဘက်ကနေ ပြောင်းလဲတင်ပို့ဖို့  မြန်မာသံအမတ်ကြီးဘက်က အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။ 

ထိုင်းကုန်သွယ်ရေး ညွှန်ချုပ် နန်းအာရဒါကလည်း  နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို အခြေခံပြီး ကုန်သွယ်မှုဆိုင်ရာ မူဝါဒတွေ မြှင့်တင်ဖို့ နဲ့  နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့အတွက် မြန်မာစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးအား ထိုင်းနိုင်ငံကို လာ ရောက်ဖို့  ဖိတ်ကြားခဲ့တယ်လို့  ဆိုပါတယ်။ 

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုအခြေအနေမှာ ဒီ ၂၀၂၅ ခုနှစ် ၆ လအတွင်း ဘတ်သန်းပေါင်း ၁၀၅,၁၄၉ သန်းရှိခဲ့ပြီး ၂၄ ဒဿမ ၉၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်။ ထိုင်းနိုင်ငံကနေ မြန်မာဘက်သို့ ပို့ကုန်တန်ဖိုး ၆၃,၅၇၂ သန်း  နဲ့  ၁၆ ဒဿမ ၃၆ ရာနှုန်း၊ သွင်းကုန်တန်ဖိုး ဘတ်သန်းပေါင်း ၄၁,၅၇၈ သန်းနဲ့ ၃၅ ဒဿမ ၀၇ ရာခိုင်နှုန်း ကျဆင်းသွားတယ်၊ ကုန် သွယ်မှုအမြတ်အစွန်းအနေနဲ့ ဘတ်သန်းပေါင်း ၂၁.၉၉၄ သန်းသာ ရခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

အကောက်ခွန်ဌာနဘက်ကစာရင်းတွေအရ တာ့ခ်ခရိုင်ဘက်မှာဆိုရင် ကုန်သွယ်မှုတန်ဖိုး ၄၅,၃၇၈ သန်းဘတ်နဲ့ ၉ ဒဿမ ၇၁ ရာနှုန်း ကျဆင်းသွားတယ်၊ ကန်ကျနပူရီဂိတ်မှာ   ကုန်သွယ်မှုတန်ဖိုး ဘတ် ၃၂,၄၀၆ သန်း နဲ့ ၃၃ ဒဿမ ၂၇ ရာနှုန်း ကျဆင်းတယ်၊ ရနောင်းဂိတ်ဘက်မှာ ကုန်သွယ်မှုတန်ဖိုး ၁၈, ၁၉၉ သန်းနဲ့ ၁၂ ဒဿမ ၂၃ ရာနှုန်း ကျဆင်းတယ်၊ မယ်ဆိုင်ဂိတ်ဘက်မှာလည်း ကုန်သွယ်မှုတန်ဖိုး ၈,၀၆၆ သန်းနဲ့ ၄၇ ဒဿမ ၁၃ သန်း ကျဆင်းတယ်။ ပရကျူပ်ခီရီခန်ဂိတ်မှာ ဘတ်သန်းပေါင်း ၃၀၀ နဲ့ ၉၃ ဒဿမ ၉၄ ရာနှုန်း ကျဆင်းတယ်၊ မယ်ဟောင်ဆောင်ဂိတ်ဘက်မှာတော့  ၆၉၈ သန်း နဲ့ ၂၆၆ ဒဿမ ၃၆ ရာနှုန်း တိုးတက်တယ်၊ မဲ့စရီးယန်းဂိတ်မှာလည်း ဘတ် ၁၀၄ သန်း နဲ့  ၃၅ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီ နဲ့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ကြားက အမှတ် ၂ ချစ်ကြည်ရေးတံတားဂိတ်ကနေ ကုန်စည်တင်ဆောင်ခွင့်ကို မြန်မာဘက်ခြမ်းက ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့ကစ ပိတ်ထားတာဖြစ်ပြီး ထိုင်းဘက်ကလည်း မြဝတီခရိုင်ရှိ ကျားဖြန့်အွန်လိုင်း လိမ်လည်ဂိုဏ်း နှိမ်နင်းတဲ့အနေနဲ့ မြန်မာဘက်ခြမ်းကို လျှပ်စစ်ဓာတ်အား၊ အင်တာနက်လိုင်းနဲ့ စက်သုံးဆီ တင်ပို့တာတွေ ဆိုင်းငံ့ထားခဲ့ပါတယ်။ 

Source #  MGROnline 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013