
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာ စစ်တပ်ထောင်ထားတဲ့ နင်းမိုင်းမိပြီး စက်တင်ဘာ ၁၃ ရက်မှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ ရဲဘော်ဗျတ္တ မိုင်းထိမပြီး ကျဆုံးခဲ့ရတယ်လို့ BNRA အဖွဲ့ထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဆွဲထားတဲ့ လက်ပုကန်ရွာအနီးကို တိုက်ခိုက်ဖို့ ချဉ်းကပ်ရာမှာ အခုလို နင်းမိုင်းမိပြီး ကျဆုံးခဲ့ရတာလို့လည်း သိရပါတယ်။
BNRA အဖွဲ့ တာဝန်ရှိသူ ကိုဒေါင်းညိုက “ကျနော့်ရဲဘော်က စစ်(--)ကို တိုက်ဖို့ဆိုရင် ထိပ်ဆုံးက တက်ကြွနေတဲ့ရဲဘော်ဗျ။ တိုက်ခိုက်ရေးမှာလည်း တော်တယ်။ အသက် ၃၅ နှစ်အရွယ်ပါ။ အမည်က ရဲဘော်ဗျတ္တပါ။ ကျနော်အားကိုးရဆုံး ရဲဘော်ပါ။ ဆရာ ကျနော်ဘယ်အထိ တက်ရမလဲလို့ အမိန့်တောင်းရင်း ကျသွားတာဆိုတော့ စိတ်ထဲမှာ ဘယ်လိုမှ မဖြေနိုင်ဘူးဗျာ” လို့ ပြောပါတယ်။
“ရဲဘော်ဗျတ္တအလောင်းကို လုံခြုံရေးအရ ကျနော်တို့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာပဲ မီးသင်္ဂြိုဟ်လိုက်တယ်” လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်က ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ ပုလဲ-ဂန့်ဂေါလမ်းပိုင်းနဲ့ အင်မထီး-ကန့်ဒေါ့င်-ဇီးဖြူကုန်း-ပုလဲမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေမှာ နင်းမိုင်းတွေ ထောင်ထားတယ်လို့လည်း သိရပါတယ်။
ပုလဲမြို့နယ် ဒေသခံရွာသားတယောက်က “စစ်တပ်က စစ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းတွေခွဲထိုးပြီး အခုလို နင်းမိုင်းတွေ ထောင်ထားခဲ့တာ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ရှင်းလင်းရေးလုပ်ပေးလို့ လူအထိအခိုက် မရှိတာ။ အတော်ယုတ်မာတဲ့ စစ်တပ်ပါဗျာ” လို့ ပြောပါတယ်။
BNRA အဖွဲ့ဟာ ဒေသတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေအပြင် ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင်ဘက်က တိုက်ပွဲတွေမှာလည်း ဒေသခံ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။


