
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ရာအိမ်မှူးနဲ့အဖွဲ့က ရိုက်နှက်လို့ ဒေသခံတယောက်သေဆုံးခဲ့ပြီး အဲဒီ ရာအိမ်မှူးနဲ့အဖွဲ့ကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၀ ရက်က နတ်မှူးကျေးရွာအုပ်စု၊ ရွှေကျေးလေးကျေးရွာက ရာအိမ်မှူး စိန်မြင့်နဲ့ သူ့ရဲ့တပည့်တွေဖြစ်တဲ့ စိုင်းမြသူ၊ မြင့်အေး၊ တင့်လွင်တို့ဟာ ဒေသခံ ကိုဝင်းထွန်းဦး နဲ့ စကားများရာကနေ ကိုဝင်းထွန်းဦးကို သစ်ပင်တပင်မှာ ချုပ်နှောင်ကြိုးတုပ်ပြီး လက်သီးနဲ့ထိုး၊ ဦးခေါင်းကိုတိုင်နဲ့ဆောင့် စတာတွေလုပ်ပြီးဝိုင်းဝန်းညှဉ်းပန်းနှိပ်စက်ကြတာကြောင့် စက်တင်ဘာ ၁၁ ရက်မှာ သေဆုံးသွားတာလို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့သူ တယောက်က “ကိုဝင်းထွန်းဦးက ရာအိမ်မှူးနဲ့အဖွဲ့က နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ နောက်တနေ့မှာ ဆုံးသွားတာ။ ဆေးကုသဖို့ ခေါ်လာပေမယ့် မမီတော့ဘဲ ဆုံးသွားတာ။ စစ်မှုထမ်း ထောက်ပံ့ကြေးငွေကောက်တဲ့ကိစ္စနဲ့ စကားတယောက်တခွန်း များတာကို ဝိုင်းနှိပ်စက်လုပ်ကြတာ” လို့ပြောပါတယ်။
ကိုဝင်းထွန်းဦး သေဆုံးပြီးနောက် ရဲတပ်ဖွဲ့က ရာအိမ်မှူး စိန်မြင့်နဲ့ သူ့တပည့်တွေကို မဖမ်းဘဲ ကျေးရွာကနေ တိမ်းရှောင်ခိုင်းထားတာလို့ သိရပါတယ်။
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ရဲက လူသတ်သမားတွေကို တိမ်းရှောင်ခိုင်းတာ။ လူယုတ်မာတွေအားကိုးနဲ့ လူမိုက်ရိုင်းတွေ ဇောင်းထနေတာပေါ။ သေဆုံးသူက အေးအေးလူလူ နေတတ်တဲ့သူပါ။ သည်းမခံနိုင်တဲ့အဆုံးမို့ စကားများကြတာ။ အဲဒါကို အုပ်စုလိုက်ဝိုင်းနှိပ်စက်ပြီး သတ်လိုက်တာ” လို့ပြောပါတယ်။
ရာအိမ်မှူးနဲ့အဖွဲ့က အုပ်စုဖွဲ့ ရိုက်နှက်စက်ခံရလို့ သေဆုံးသွားတဲ့ ကိုဝင်းထွန်းဦးဟာ အသက် ၃၉ နှစ်အရွယ်ဖြစ်ပြီး သူ့မှာ ဇနီးနဲ့ ကလေးငယ် ၂ ယောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။
ရာအိမ်မှူး စိန်မြင့်နဲ့တပည့်တွေဟာ စစ်ကောင်စီတပ်အားကိုးနဲ့ လစဉ်စစ်မှုထမ်းထောက်ပံ့ကြေး ဖိအား ပေး ကောက်ယူနေသူတွေလို့ ဒေသခံတွေဆီက သိရပါတယ်။




