
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ရေနံ့သာစစ်ဆေးရေးဂိတ်အနီးက လူနေအိမ်နဲ့ ဆိုင်ခန်းပေါင်း ၄၀ ကျော်ကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက အဓမ္မဖိအားပေး ပိတ်သိမ်းခိုင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေနံ့သာစစ်ဆေးရေးဂိတ်ရဲ့မြောက်ဘက် ၂ မိုင်ကျော်အကွာမှာတည်ရှိတဲ့ လက်ပံပင်ကျေးရွာက လူနေအိမ်နဲ့ ဆိုင်ခန်းတွေကို စစ်ကောင်စီတပ်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စက်တင်ဘာ ၁၀ ရက်ကစလို့ ဖိအားပေးပိတ်ခိုင်းတာပါ။
စစ်ကောင်စီတပ်နဲ့နီးစပ်သူတယောက်က “လက်ပံပင်ရွာထိပ်က ဆိုင်ခန်းတွေနဲ့ လူနေအိမ်တွေကို ဖျက်သိမ်းခိုင်းခဲ့တာ။ အရပ်သားတွေက တော်လှန်ရေးတပ်တွေကို ကုန်ပစ္စည်းတွေ ရောင်းချပေးနေတယ်ဆိုပြီး စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးတွေကပိတ်ခိုင်းတာ” လို့ ပြောပါတယ်။
အဲဒီ ဆိုင်ခန်းတွေဟာ ရွာဈေးအနေနဲ့ အစားအသောက်၊ လူသုံးကုန်၊ အဝတ်အထည်နဲ့ ကုန်စိမ်း ရောင်းချတဲ့ဆိုင်တွေဖြစ်တယ်လို့ သိရပါတယ်။
လက်ပံပင်ကျေးရွာက ကုန်စုံရောင်းဝယ်ရေးလုပ်ငန်းရှင်တယောက်က “ပိတ်သိမ်းတဲ့ ဆိုင်တွေလည်း ရှိတယ်။ မသိမ်းသေးတဲ့ဆိုင်တွေလည်းရှိတယ်။ တခုခုဖြစ်လာရင် တာဝန်မယူဘူး။ ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲလို့ ပြောတာကြောင့် ကြောက်ပြီးဖျက်သိမ်းရတာ။ အားလုံးနီးပါးသိမ်းပေးမှာပါ။ ချက်ချင်း ဆိုတော့ လုပ်ရကိုင်ရခက်တာပေါ့” လို့ ပြောပါတယ်။
လက်ပံပင်ကျေးရွာဟာက ပုသိမ် - မုံရွာ ကားလမ်းရဲ့ အနောက်ဘက်မှာတည်ရှိပြီး တိုက်ပွဲဖြစ်နေတဲ့ ကုန်းပြင်ကျေးရွာနဲ့ ဆက်စပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်ကောင်စီက ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်နဲ့ အင်္ဂပူမြို့နယ် အနောက်ဘက်ခြမ်း ဒေသတွေမှာ ကုန်စည်ကူးသန်းရောင်းဝယ်တာတွေကို ကန့်သတ်ပိတ်ပင်ထားပြီး စောင့်ကြည့်စစ်ဆေး ဖမ်းဆီးနေတယ်လို့ ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
စက်တင်ဘာလ ပထမအပတ်ကလည်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် အမတ ၃၄၄ အမြောက် တပ်အနီး ကျေးရွာ ၁၀ ရွာက အရပ်သားတွေကို စစ်ကောင်စီတပ်က ဗုံးကြဲချမယ့် အန္တရာယ်ကို ကြောက်တယ်ဆိုရင် မဖြစ်မနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ခိုင်းခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။