
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ဖမ်းဆီးခံရတဲ့ ရခိုင်တိုင်းရင်းသား ၆ ယောက်ကို ရေကြည်တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ ရခိုင်တိုင်းရင်းသား ၆ ယောက်ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ပထမအပတ်က စစ်ကောင်စီတပ်နဲ့ ရဲက အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွှယ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးခဲ့ကာ ၆ ယောက်လုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နဲ့ ပုဒ်မ ၅၀၅(က) စတဲ့ပုဒ်မတွေနဲ့ သြဂုတ် ၆ ရက်မှာ ရေကြည်မြို့နယ် တရားရုံးက တယောက်ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ရေကြည်မြို့နယ် တရားရုံးနဲ့ နီးစပ်သူက “အခု ထောင်ဒဏ်ချမှတ်ခံရတဲ့ တိုင်းရင်းသား ၆ ယောက်က စဖမ်းချိန်ကတည်းက အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး စွပ်စွဲဖမ်းခဲ့တာ။ အခုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ချတာ” လို့ ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ ရခိုင်တိုင်းရင်းသား ၆ ယောက်ဟာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီးတယောက်ဖြစ်ပြီး အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေ ဖြစ်ပြီး ရေကြည်မြို့၊ ရွှေယဉ်ပျော်ကျေးရွာအနီးမှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
စစ်ဘေးရှောင်အရေး ကူညီပေးသူတယောက်က “ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်လို့ ဧရာဝတီတိုင်းကို စစ်ဘေးရှောင်လာတဲ့ ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင်တွေပါ။ AA နဲ့ PDF နဲ့ ပတ်သက်မှုရှိတဲ့လူတွေ ဆိုပြီး ဖမ်းခဲ့တာ” လို့ ပြောပါတယ်။
အဲဒီ ထောင်ဒဏ်ချမှတ်ခံရတဲ့ စစ်ဘေးရှောင် ၆ ယောက်ဟာ အသက် ၂၇ နှစ်အရွယ် ၂ ယောက်၊ အသက် ၃၀ ဝန်းကျင် ၃ ယောက်၊ အသက် ၄၀ ကျော်အရွယ် တယောက်ဖြစ်ပြီး ဖမ်းဆီးခံရသူတွေဘက်က အရပ်သားတွေဖြစ်တယ်လို့ တရားရုံးကို ခုခံချေပ တင်ပြပေမဲ့ မရခဲ့ဘူးလို့ ဆိုပါတယ်။