
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် အမြောက်တပ်အနီးတိုက်ပွဲကနေ ထွက်ပြေးလို့ ပြန်ဖမ်းဆီးခံရတဲ့ စစ်မှုထမ်းတပ်သားတွေကို အစာအငတ်ထားပြီး ရိုက်နှက် ချုပ်နှောင်ထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇူလိုင် ၈ ရက် ညနေပိုင်းက ရေကြည်အမြောက်တပ် (အမတ ၃၄၄) အနီး တိုက်ပွဲကနေ ထွက်ပြေးတဲ့ စစ်မှုထမ်းတပ်သား ၈ ယောက်ကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ် ဖမ်းဆီးခဲ့ရာ အသုတ်မြို့၊ တဇောင်ရိုးကျေးရွာမှာ ထွက်ပြေးတဲ့ ၈ ယောက်ထဲက တယောက်အသေ ပစ်သတ်ခံရပြီး ၂ ယောက် လွတ်မြောက်သွားခဲ့ရာ အရှင်ပြန်ဖမ်းမိတဲ့ ၅ ယောက်ကို စစ်ကောင်စီတပ်က အခုလို ရိုက်နှက်နှိပ်စက် အစာအငတ်ထား ချုပ်နှောင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “ပြန်မိတဲ့သူတွေကို စံနာမူနာအနေနဲ့ အခုလို ပြစ်ဒဏ်ပေးခိုင်းလို့ ဆိုပြီး ချုပ်ထားတာလို့ သိရပါတယ်။ ရေကြည်က တပ်ထဲမှာပါ။ ၅ ရက်လောက် အစာအငတ်ထားသေးတယ်။ ပြန်မိတဲ့ ၅ ယောက် အလုပ်ခံရတာပါ” လို့ ပြောပါတယ်။
တိုက်ပွဲကနေ ထွက်ပြေးရင်း ပြန်လည်ဖမ်းဆီးခံရတဲ့ စစ်မှုထမ်းတပ်သားတွေက စစ်မှုထမ်း အပတ်စဉ် ၇ နဲ့ ၈ က လူငယ်တွေဖြစ်ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်တွေရဲ့ သတင်းပေး ပူးပေါင်းမှုကြောင့် ပြန်လည်ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ရေကြည်မြို့နယ် ဒေသခံတယောက်က “ပြန်ဖမ်းခံရတဲ့နေ့ကတည်းက အရိုက်ခံသွားရတာပါ။ တော်တော်သနားဖို့ကောင်းတယ်။ ကြိုးနဲ့တုပ် ခေါ်သွားတာ။ ထွက်ပြေးရင် လွတ်မှ၊ မလွတ်လို့ရှိရင် သေတာကမှ ကောင်းမယ်။ သူတို့(စစ်ကောင်စီ)တပ်လက်ထဲ ပြန်ရောက်ရင် မလွယ်ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ရေကြည်အခြေစိုက် အမြောက်တပ်ကနေ စစ်ကောင်စီတပ်သားတွေ စစ်မှုထမ်း တပ်သားတွေ အပါအဝင် မကြာခဏ ထွက်ပြေးနေတာဖြစ်ပြီး ပြန်လည်ဖမ်းဆီးပေးနိုင်တဲ့ သတင်းပေးတဲ့သူတွေ အရာရှိတွေကို အဆင့်ဆင့် ရာထူးနဲ့ အကျိုးခံစားခွင့်ပေးမယ်လို့ ရဲတပ်ရင်းမှူးနဲ့ စစ်ကြောင်းမှူး ဆိုသူတို့က တပ်တွင်း ကြေညာထားတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့်လည်း ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်သား ၂ ယောက်ကို စစ်ကောင်စီရဲ့ အသုတ်နယ်မြေရဲစခန်းက စခန်းမှူး ဇော်နိုင်ထွန်းနဲ့အဖွဲ့က အသည်းအသန် လိုက်လံ ရှာဖွေနေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။