
ဇွန်လကုန်အထိ အပစ်ရပ်တယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီတပ်က ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ဇီရိုးစမ်းကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ သေဆုံးခဲ့ပြီး တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂၂ ရက်က ရေကြည်မြို့နယ်၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ဇီရိုးစမ်းကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဘယ်သူ့ကိုပစ်ခတ်လို့ ဘယ်လိုလာကျတာလဲတော့ မသိဘူး။ သေဆုံးသူတွေကတော့ အရပ်သားတွေပါ။ ဒဏ်ရာရတာလည်း အရပ်သားတွေပါ။ တိုက်ပွဲမရှိဘူး ပစ်ခံရတဲ့နေရာက” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် လူသေဆုံး ဒဏ်ရာရရှိမှု ရှိတဲ့အပြင် နေအိမ်တွေပါ ပျက်စီးခဲ့ပြီး ဇွန် ၂၄ ရက် မနက်အစောပိုင်းအထိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “အဲဒီရွာတွေကို AA နဲ့ PDF တွေ ရောက်နေပြီဆိုပြီး စစ်တပ်က လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတာ။ တိုက်ပွဲမရှိဘူးလို့တော့ သိရတယ်။ တိုက်ပွဲမရှိလို့ စစ်မရှောင်တဲ့ အရပ်သားတွေရှိတော့ လက်နက်ကြီးထိတာဖြစ်လိမ့်မယ်။ မြေပြင် အသေးစိတ်တော့ မသိပါဘူး” လို့ ပြောပါတယ်။
လတ်တလောအနေနဲ့ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြောက်စမ်းရွာအခြေစိုက် အမြောက်တပ် အမတ-၃၄၄ ကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေနဲ့ ပြန်လည်ခုခံနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် လက်ရှိမှာ စစ်ကောင်စီတပ်သားတွေဟာ ငါးသိုင်းချောင်းမြို့အနီးရှိ ရေနံ့သာ စစ်ဆေးရေးဂိတ်မှာ လုံခြုံရေး တိုးမြှင့်ထားသလို အမြောက်တပ်ဝန်းကျင် ရခိုင်ရိုးမနဲ့ ဆက်စပ်တဲ့ နေရာတွေမှာလည်း နေ့စဉ် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။