
ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ တီးခတ်ခဲ့တဲ့ DJ Violet နဲ့ တီးခတ်ခွင့်ပြုခဲ့တဲ့ မန္တလေးက Cover Entertainment ကလပ်ကိုလည်း ချိပ်ပိတ်ကာ ဆိုင်ဝန်ထမ်း ၈ ယောက်ကို ဖမ်းထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သရုပ်ဆောင် နေမျိုးအောင်ရဲ့ ချွေးမဖြစ်သူ DJ Violet နဲ့ Cover ကလပ်ကို အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေ စက်တင်ဘာ ၁၁ ရက် မနက်က လာရောက်စုံစမ်းပြီးနောက် စစ်တပ်က ည ၁၁ နာရီခွဲမှာ ဝင်ရောက်စီးနင်းခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“စစ်တပ်က ကလပ်ကို ဝင်စီးပြီး ဆိုင်ဝန်ထမ်း ၈ ယောက်ကို ဖမ်းသွားတယ်။ ဆိုင်ရှင်တော့မပါဘူး။ DJ Violet ကိုလည်း ရန်ကုန်မှာ ဖမ်းလိုက်ပြီလို့ပြောတယ်။ လက်ရှိ ဆိုင်ကိုတော့ စစ်တပ်က ချိပ်ပိတ်ထားတယ်။”
ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို ကလပ်မှာ DJ တီးခတ်မိတဲ့အတွက် DJ Violet က စက်တင်ဘာ ၁ဝ ရက်မှာ လူမှုကွန်ရက်ကနေ တောင်းပန်ခဲ့သလို Cover Entertainment ကလပ်ဘက်လည်း တောင်းပန်ခဲ့ပေမဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
DJ Violet အနေနဲ့ စက်တင်ဘာ ၁၁ ရက်မှာ သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ထံမှာ ဝန်ချတောင်းပန်ခဲ့ပေမဲ့ မန္တလေးကို လာတောင်းပန်ဖို့ DJ Violet နဲ့ ယောက္ခမဖြစ်သူ အာဗြဲစိန်ကို ပေါက်ကိုယ်တော်က ခြိမ်းခြောက်ပြောဆိုတဲ့အသံဖိုင်လည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက DJ Violet က ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ နဲ့ Remix ပြုလုပ် တီးခတ်ခဲ့တဲ့ ရုပ်သံဖိုင်တွေ လူမူကွန်ရက်မှာ ပြန့်လာပြီးနောက် ဝေဖန်မှုတွေများပြီး စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးဆရာတော်တွေက သာသနာညှိုးနွမ်းမှုနဲ့ အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို စတီရီယိုခေတ်ဦးကတည်းက အဆိုတော် မဂျစ်က သီဆိုခဲ့ပြီး စိုးပိုင်နဲ့ ပိုးအိစံတို့ ပြန်လည်သီဆိုအောင်မြင်ခဲ့တဲ့သီချင်း ဖြစ်သလို ရှင်ပြုအလှူ၊ မင်္ဂလာဆောင်တွေနဲ့ စတိတ်ရှိုးတွေမှာ ဖွင့်ကြတာ သီဆိုကြတာတွေလည်း ရှိပါတယ်။