
ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ နဲ့ ဖျော်ဖြေခဲ့တဲ့ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ COVER Entertainment ကလပ်ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၁ ရက်မှာ ဝင်ရောက်စီးနင်းပြီး ဝန်ထမ်း ၈ ယောက်ကိုဖမ်းကာ ဆိုင်ကို ပိတ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ဗုဒ္ဓံသရဏံဂစ္ဆာမိ” သီချင်း DJ တီးခတ်ခဲ့တဲ့ Cover ကလပ်ကို အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေ စက်တင်ဘာ ၁၁ ရက် မနက်က လာရောက်စုံစမ်းပြီးနောက် စစ်တပ်က ည ၁၁ နာရီခွဲမှာ ဝင်ရောက်စီးနင်းခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“စစ်တပ်က ကလပ်ကို ဝင်စီးပြီး ဆိုင်ဝန်ထမ်းကောင်လေးတွေကို ဖမ်းသွားတယ်။ ဝန်ထမ်း ၈ ယောက်၊ ဆိုင်ရှင်မပါဘူး၊ အရေးယူရင်လည်း DJ တီးတဲ့သူနဲ့ ခွင့်ပြုတဲ့ ဆိုင်ရှင်ကို အရေးယူလေ။ ဝန်ထမ်းတွေနဲ့ ဘာဆိုင်လဲ၊ လက်ရှိ ဆိုင်ကို ပိတ်ထားတယ်။”
အဆိုပါသီချင်းကို ကလပ်မှာ DJ တီးခတ်မိတဲ့အတွက် DJ Violet က စက်တင်ဘာ ၁ဝ ရက်မှာ လူမှုကွန်ရက်ကနေ တောင်းပန်ခဲ့သလို စက်တင်ဘာ ၁၁ ရက်ကလည်း သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ထံမှာ ဝန်ချတောင်းပန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက DJ Violet က ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ နဲ့ Remix လုပ်ထားတဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်မှာ ပြန့်လာပြီးနောက် ဝေဖန်မှုတွေများပြီး စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးဆရာတော်တွေက သာသနာညှိုးနွမ်းမှုနဲ့ အရေးယူပေးဖို့ တောင်းဆိုလာတာ ဖြစ်ပါတယ်။
မန္တလေးမှာဖြစ်တာကို ရန်ကုန်က ဆရာတော်တွေထံမှာ ဝန်ချတောင်းပန်တဲ့အတွက် DJ Violet နဲ့ ယောက္ခမဖြစ်သူ အာဗြဲစိန်ကို မန္တလေးကို လာတောင်းပန်ဖို့ ပေါက်ကိုယ်တော်ရဲ့ မိန့်ကြားမှု အသံဖိုင်တွေဟာလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို စတီရီယိုခေတ်ဦးကတည်းက အဆိုတော် မဂျစ်က သီဆိုခဲ့ပြီး စိုးပိုင်နဲ့ ပိုးအိစံတို့ ပြန်လည်သီဆိုအောင်မြင်ခဲ့တဲ့သီချင်း ဖြစ်သလို ရှင်ပြုအလှူ၊ မင်္ဂလာဆောင်တွေနဲ့ စတိတ်ရှိုးတွေမှာ ဖွင့်ကြတာ သီဆိုကြတာတွေလည်း ရှိပါတယ်။