
တောင်ဆူဒန်နိုင်ငံရဲ့ ပထမဆုံး ဒုသမ္မတ ရီခ်မာချာကို မတ်လအတွင်းက ဖက်ဒရယ်တပ်တွေကို ဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်မှု စွပ်စွဲချက်တွေအတွက် လူသတ်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆိုထားကြောင်း တရားရေးဝန်ကြီးက စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
ရီခ်မာချာဟာ အရှေ့မြောက်ပိုင်း နာစီယာမြို့မှာ တပ်ဖြူတော် (ဝှိုက်အာမီ) ပြည်သူ့စစ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မတ်လကတည်းက နေအိမ်အကျယ်ချုပ် ကျခံနေရတာ ဖြစ်ပါတယ်။
မာချာကို ပြန်လွှတ်ပေးလိုက်ဖို့ နိုင်ငံတကာ အင်အားကြီးနိုင်ငံတွေက အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး သူ့ကိုချုပ်နှောင်ထားမှုဟာ တောင်ဆူဒန်နိုင်ငံကို ပြည်တွင်းစစ်ထဲ ပြန်လည်ရောက်ရှိစေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
တရားရေးဝန်ကြီး ဂျိုးဇက်ဂန်းက “ဒေါက်တာ ရီခ်မာချာ တယ်နီ အပါအဝင် ဆူဒန်ပြည်သူ့လွတ်မြောက်ရေး လှုပ်ရှားမှု (SPLM/A-iO) ခေါင်းဆောင်တချို့ရဲ့ ကွပ်ကဲမှုနဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ တပ်ဖြူတော်က လုပ်ဆောင်ခဲ့ကြောင်း အထောက်အထားတွေကို ထပ်မံဖော်ပြလိုက်ပါတယ်” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ရီခ်မာချာ အပြင် ရေနံ၀န်ကြီးဟောင်း ပို့ထ်ကန်ချိုးလ် အပါအဝင် တခြားသူ အယောက် ၂၀ ကိုလည်း စွဲချက်တင်ထားပြီး စွဲချက်တင်ခံရသူတွေထဲက အများစု လူ ၁၃ ယောက်လောက်ဟာ လွတ်မြောက်နေဆဲဖြစ်ကြောင်း တရားရေးဝန်ကြီး ဂန်းက ပြောပါတယ်။
တောင်ဆူဒန်သမ္မတနိုင်ငံ အစိုးရဟာ နာစီယာမြို့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ နိုင်ငံတကာမိတ်ဖက်တွေ၊ လူထုနဲ့ မီဒီယာတွေရဲ့ ထိတွေ့ဆက်ဆံမှုကို ကျေးဇူးတင်ရှိပေမဲ့ ဒီကိစ္စဟာ အခုခါ တရားစီရင်မှု အဖြစ်သာ ရှိသေးတယ်လို့လည်း ဆိုပါတယ်။
ရီခ်မာချာ အပေါ် စွဲချက်တင်မှုဟာ အဓိက နိုင်ငံရေးပြိုင်ဘက်တွေဖြစ်တဲ့ သမ္မတ ဆာလ်ဗာ ကီယာ ဦးဆောင်တဲ့ နိုင်ငံရေးအုပ်စုနဲ့ ရီခ်မာချာ ဦးဆောင်တဲ့ နိုင်ငံရေးအုပ်စု ၂ ခုအကြား ရန်ငြိုး အာဃာတတွေ ပိုတိုးမြင့်လာခဲ့ပြီး သူတို့ ၂ ဖွဲ့ဟာ လူပေါင်း ၄ သိန်းလောက် သေဆုံးခဲ့ရတဲ့ ၂၀၁၃-၂၀၁၈ ပြည်တွင်းစစ်အတွင်းမှာ ထိပ်တိုက်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
သမ္မတ ဆာလ်ဗာ ကီယာဟာ ပြည်တွင်းစစ်ကို အဆုံးသတ်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် ရီခ်မာချာကို ပထမဆုံး ဒုသမ္မတရာထူးကို ပြန်လည်ခန့်အပ်ခဲ့ပေမဲ့ သူတို့ရဲ့ မိတ်ဖက်ဆက်ဆံရေးမှာ တင်းမာနေဆဲဖြစ်ပြီး နှစ်ဖက်အကြားမှာ ကြိုးကြားကြိုးကြား အကြမ်းဖက်မှုတွေ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
Source: Reuters