Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေပေါ်ပါ အကြမ်းဖက်သမားများက AA တပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်
DVB
·
September 12, 2025

ရခိုင်ရေပိုက်နက်ထဲ ကျူးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေတွေမှာ ပါလာတဲ့ အကြမ်းဖက်သမားတွေဟာ အာရက္ခတပ်တော် (AA) အရာရှိတယောက်နဲ့ တပ်ဖွဲ့ဝင်တယောက်ကို သတ်ဖြတ်ခဲ့ပြီး သေနတ်တွေ လုယူထွက်ပြေးခဲ့တယ်လို့  AA ဘက်က စက်တင်ဘာ ၁၁ ရက်မှာ  ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာနဲ့ ချိန်ခါလီကျေးရွာရဲ့ အနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေ အစင်း ၈၀ လောက် ရခိုင်ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီထဲက ငါးဖမ်းစက်လှေ ၅ စင်းကို အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့်တပ်က ဖမ်းဆီးနိုင်ခဲ့ပြီး ကမ်းခြေကို ခေါ်ဆောင်လာတဲ့အချိန်မှာ စက်လှေတစင်းမှာပါတဲ့ အကြမ်းဖက်သမားတွေက AA အရာရှိတယောက်နဲ့ တပ်ဖွဲ့ဝင်တယောက်ကို သတ်ဖြတ်ပြီး သေနတ်တွေကို လုယူကာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲကို ထွက်ပြေးသွားခဲ့တယ်လို့ AA ဘက်က ပြောထားပါတယ်။

ရခိုင်ရေပိုင်နက်ထဲကို အကြိမ်ကြိမ် ကျူးကျော်ပြီး ဝင်ရောက်ငါးခိုးဖမ်းသူတွေကို နှစ်ဖက် အပြန်အလှန် လေးစားမှုနဲ့ အကြိမ်ကြိမ်ပြန်လွှတ်ပေးခဲ့ပေမဲ့ အခုအကြိမ်မှာ အစုအပြုံလိုက် ကျူးကျော်ပြီး ငါးခိုးဖမ်းရုံသာမကဘဲ ကမ်းခြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသူတွေကိုပါ သတ်ဖြတ်ပြီး လက်နက်လုယူတာဟာ အကြမ်းဖက်လုပ်ရပ်မျိုးဖြစ်ပြီး ထိထိရောက်ရောက် ကိုင်တွယ်လုပ်ဆောင်သွားမယ်လို့ AA ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းသမားတွေဟာ အာရက္ခတပ်တော်ရဲ့ လုံခြုံမှုချထားနိုင်မှု အားနည်းချက်ကို အခွင့်ကောင်းယူပြီး မကြာခဏဆိုသလို ငါးခိုးဖမ်းနေကြတာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်တဲ့အထိ ဖြစ်လာတာက စိုးရိမ်စရာ အထူးဖြစ်လာတယ်လို့ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာသားတယောက်က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်က ငါးဖမ်းသမားတွေဟာ ရခိုင်ရေပိုင်နက်မှာ AA ရဲ့ လုံခြုံရေးချထားမှု အားနည်းနေသေးတာကို အခွင့်ကောင်းယူ နေ့တိုင်း ငါးခိုးဖမ်းနေကြတာ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်က ငါးဖမ်းစက်လှေတွေဟာ အရင်ကလည်း ရခိုင်က ငါးဖမ်းသမားတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်တာ ရှိတယ်။ အခု လုံခြုံရေးအရာရှိတွေအထိ သတ်ဖြတ်လာတယ်ဆိုတော့ အတော်လေးကို စိုးရိမ်စရာဖြစ်သွားပြီ။ ဒီလို ရာဇဝတ်မှု ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်တယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းသမားတွေဟာ ၂၀၂၄ ခုနှစ်ကတည်းက ရခိုင်ရေပိုင်နက်ထဲကို ကျူးကျော်ပြီး ငါးခိုးဖမ်းကြတာကြောင့် မကြာခဏ ဖမ်းဆီးခံရပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နဲ့ AA တို့ ဆက်သွယ်မှုပြုလုပ်ပြီး မကြာခဏ ပြန်လွှဲပေးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်စပ်နေတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ပလက်ဝမြို့နယ်တို့ကို ၂၀၂၄ ခုနှစ်ကတည်းက အာရက္ခတပ်တော်က သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013