
အမေရိကန် ဒုတိယသမ္မတဟောင်း ကမ်မလာဟားရစ်က သူ့ရဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်သစ်မှာ သမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ဘိုင်ဒင်က ဒုတိယသက်တမ်းအတွက် ပြန်လည်အရွေးခံဖို့ ကြိုးစားခဲ့တာဟာ "အဆင်ခြင်မဲ့တဲ့ လုပ်ရပ်" ဖြစ်တယ်လို့ သူက ရေးသားခဲ့ပါတယ်။
ဒါဟာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဟားရစ်က သူ့ရဲ့ အထက်လူကြီးဖြစ်ခဲ့သူ ဘိုင်ဒင်အပေါ် အပြင်းထန်ဆုံး ဝေဖန်မှုလည်း ဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေကို The Atlantic မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ သူ့ရဲ့ "107 Days" ဆိုတဲ့ စာအုပ်သစ် ကောက်နုတ်ချက်မှာ ထည့်သွင်းထားတာပါ။ ဒုသမ္မတ တယောက်အနေနဲ့ ဘိုင်ဒင်ကို ထပ်မပြိုင်ဖို့ ပြောတာဟာ ကိုယ်ကျိုးရှာရာရောက်မှာစိုးလို့ မတားမြစ်ခဲ့ဘူးလို့လည်း ဟားရစ်က ဆိုပါတယ်။
ဒီလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုးကို လူတယောက်ရဲ့ အတ္တနဲ့ ရည်မှန်းချက်အပေါ်မှာပဲ မူတည်ပြီး မဆုံးဖြတ်သင့်ဘူးလို့လည်း သူက ရေးသားထားပါတယ်။
ဘိုင်ဒင်ဟာ အသက် ၈၁ နှစ်အရွယ်မှာ ပင်ပန်းနွမ်းနယ်လာပြီး အမှားအယွင်းတွေ ရှိလာခဲ့တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် ဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ဟာ သူ့ရဲ့လုပ်ဆောင်ချက်တွေကို အသိအမှတ်မပြုဘဲ ပစ်ပယ်ထားခဲ့တယ်လို့လည်း ဟားရစ်က သူ့စာအုပ်ထဲမှာ ရေးသားခဲ့ပါတယ်။
Source:Reuters