Home
မြန်မာသတင်း
ရာဇဝတ်မှုကျူးလွန်သူများကို အရေးမယူလျှင် ပိုအတင့်ရဲလာမည်ဟု IIMM သတိပေး
DVB
·
September 10, 2025

ရာဇဝတ်မှုတွေကို လျစ်လျူရှုထားပြီး အပြစ်ပေး အရေးမယူပါက ကျူးလွန်သူတွေဟာ နောက်ထပ် ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှုတွေ လုပ်ဖို့ ပိုအတင့်ရဲလာမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလက်စ်ခွန်ဂျန် က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြိမ် ၆၀ မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ စာတမ်းကို တင်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။

ဒီစာတမ်းထဲမှာတော့ မြန်မာစစ်တပ်က နိုင်ငံရေးအတိုက်အခံလို့ ယူဆသူတွေကို အခြေခံလိုက်နာရမဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေမပါဘဲ လူထောင်ချီပြီး ဖမ်းဆီးခြင်း၊ ထိန်းသိမ်းထားသူတွေကို ရိုက်နှက်ခြင်း၊ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း၊ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ စနစ်တကျ ညှဉ်းပန်းနှိပ်စက်တဲ့ အထောက်အထားတွေကို IIMM က စုဆောင်း ရရှိထားကြောင်း ပါဝင်ပါတယ်။

နီကိုလက်စ်ခွန်ဂျန်ဟာ ရခိုင်ပြည်နယ်မှာ အရပ်သားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငတ်မွတ်ခေါင်းပါးမှု ကြုံနေရသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးပို့မှုတွေကို တားဆီး ဟန့်တားတဲ့ သတင်းတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာ ၁၅၀,၀၀၀ ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ ရခိုင်ပြည်နယ်ထဲက လူမျိုးစု အသိုက်အဝန်းအားလုံးလည်း ဒုက္ခရောက်နေရသလို မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် တို့ နှစ်ဖွဲ့စလုံးက ကျူးလွန်ခဲ့တယ်ဆိုတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ နိုင်ငံတဝန်းမှာရှိတဲ့ ဆန့်ကျင်ဘက် လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံတို့ဟာ ဖမ်းဆီးရမိတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ သတင်းပေးလို့ စွပ်စွဲခံရသူ အရပ်သားတွေကို ဥပဒေမဲ့ စီရင် ကွပ်မျက်ခဲ့တဲ့ အထောက်အထားတွေလည်း ရရှိထားပြီး တချို့ကျူးလွန်သူတွေရဲ့ ကိုယ်ရေးအချက်အလက် အထောက်အထားတွေလည်း ရှိကြောင်း ဆိုပါတယ်။

မြန်မာနိုင်ငံက တပ်ဖွဲ့ပေါင်းစုံတွေကို စစ်မက်ဥပဒေတွေက အရပ်သားတွေနဲ့ ဖမ်းဆီးရမိတဲ့ တိုက်ခိုက်ရေးသမားတွေကို ကာကွယ်ပေးထားတာဖြစ်ပြီး အရပ်သားတွေကို လုံးဝ ပစ်မှတ်မထားရဘူးလို့ သတိပေးစကား ပြောကြားခဲ့သလို ကျူးလွန်သူနဲ့ ထိခိုက်နစ်နာသူတွေရဲ့ နိုင်ငံရေး ယုံကြည်ချက်နဲ့ လူမျိုးစုဖြစ်တည်မှုတွေကို မခွဲခြားဘဲ အထောက်အထားတွေကို စုဆောင်းသွားမယ်လို့လည်း ဆိုပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးချက်နဲ့ လူ့အခွင့်အရေးကောင်စီတို့ရဲ့ တောင်းဆိုချက်တွေ ရှိပေမဲ့လည်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေကြောင်း နီကိုလက်စ်ခွန်ဂျန်က ထောက်ပြခဲ့ပါတယ်။ ဒီလို ရာဇဝတ်မှုတွေကို လျစ်လျူရှုပြီး အပြစ်ပေး အရေးမယူပါက ကျူးလွန်သူတွေဟာ ပိုမို အတင့်ရဲလာမယ်လို့လည်း သတိပေးခဲ့ပါတယ်။

ဒီလို ပြစ်ဒဏ်ကင်းလွတ်နေတဲ့ သံသရာကို အဆုံးသတ်ဖို့အတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ နိုင်ငံရေးဆန္ဒရှိဖို့ လိုအပ်သလို ဒီရာဇဝတ်မှုတွေအပေါ် တရားစွဲလိုမှုနဲ့ တရားစွဲဆိုနိုင်စွမ်းရှိပြီး မြန်မာပြည်သူတွေရဲ့ ဒုက္ခခံစားမှုကို အဆုံးသတ်ရေး ဆောင်ရွက်လိုတဲ့ သက်ဆိုင်ရာ နိုင်ငံတွင်းနဲ့ နိုင်ငံတကာ တရားစီရင်ခွင့်ရ အာဏာပိုင်တွေကို ပံ့ပိုးကူညီဖို့ ယန္တရားက အသင့်ရှိနေပါတယ်လို့ ပြောဆိုပြီး နီကိုလက်စ်ခွန်ဂျန်က သူ့ရဲ့ တင်ပြမှုကို အဆုံးသတ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024