
မေ ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို မျှဝေပေးကြဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က တောင်းခံလိုက်ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူတွေအနေနဲ့ ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ IIMM အဖွဲ့ကို ဆက်သွယ်ပြီး အထောက်အထားတွေ မျှဝေကြဖို့ တောင်းဆိုခဲ့တာပါ။
အရပ်သားတွေကို မခွဲခြားဘဲ လေကြောင်းက တိုက်ခိုက်ခြင်းဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်ပြီး ကလေးတွေကို တိုက်ခိုက်ခြင်းဟာ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းတဲ့အတွက် IIMM အနေနဲ့ ကလေးတွေကို ထိခိုက်ကျူးလွန်တဲ့ အမှုတွေကို ဦးစားပေး စုံစမ်း စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။=
IIMM အနေနဲ့ အိုးတိန်တွင်းရွာ ဖြစ်ရပ်အပါအဝင် တခြားလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို စုဆောင်းနေပြီး ဒဏ်ရာရရှိမှု၊ အပျက်အစီးတွေ၊ ပေါက်ကွဲမှုတွေရဲ့ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုတွေ၊ ထိခိုက်သူတွေရဲ့ အချက်အလက်တွေ၊ လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဉ်နဲ့ လက်နက် အမျိုးအစား၊ လေယာဥ်မှူးနဲ့ အမိန့်ပေးရာမှာ ပါဝင်သူတွေရဲ့ အချက်အလက်များ စတဲ့ အချက်အလက်တွေ ရှိခဲ့ပါက IIMM ရဲ့ Signal နံပါတ်ဖြစ်တဲ့ +41 76 691 12 08 ကို ဆက်သွယ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။