
ကရင်နီပြည်နယ်နဲ့ ထိုင်းနယ်စပ် လုံခြုံရေးဂိတ် ဖြတ်သန်းသွားလာခွင့် ထောက်ခံစာထုတ်ပေးမယ်လို့ မယ်စဲ့မြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တရားမဝင်လမ်းကြောင်းတွေ အသုံးပြုပြီး ထိုင်းနိုင်ငံအတွင်း ဝင်ထွက်သွားလာမှုတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ထိန်းသိမ်းနိုင်ဖို့အတွက်ရည်ရွယ်ပြီး ခုလိုလုပ်ဆောင်တာလို့ ဆိုပါတယ်။
ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနဲ့ စီးပွားရေး ကိစ္စများအတွက် ထိုင်းနိုင်ငံထဲကို သွားရောက်လိုပါက တရားဝင်လုံခြုံရေးဂိတ်က ဖြတ်သန်းသွားလာရမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မယ်စဲ့ဒေသခံတယောက်က “လူကုန်ကူး တအားများလို့ ဒီ ၁၃ ဂိတ်တခုအတွက် ထောက်ခံစာပါပဲ။ အဲဒီ ၁၃ ဂိတ်ကိုဖြတ်ဖို့ ထောက်ခံချက်လုပ်ပေးတာ အဲဒီလိုမျိုးပါ။ ထိုင်းဘက်ရောက်ရင်တော့ တခြား ထောက်ခံစာတွေ ထပ်လုပ်ရမယ်”လို့ လက်ရှိ ဖြတ်သန်းသွားလာနေတဲ့ အခြေအနေတွေကို ပြောပါတယ်။
ဒေသခံတွေအနေနဲ့ ထိုင်းနိုင်ငံကို ခရီးသွားလိုပါက တရားဝင်လုံခြုံရေးဂိတ်ရှိတဲ့ လမ်းကြောင်းကနေ သွားလာဖို့နဲ့ အဲဒီလို သွားရောက်ဖို့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးကော်မတီရဲ့ ထောက်ခံချက်ကို ရယူရမှာဖြစ်ပြီး မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီကနေ ထပ်ဆင့်ထောက်ခံချက်နဲ့အတူ စစ်ဆေးရေးဂိတ်ကို ပြပြီး မထွက်ခွာခင် အပ်နှံခဲ့ရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တပ်ရင်း တပ်ဖွဲ့တွေက တာဝန်နဲ့ ခရီးသွားလိုပါက သက်ဆိုင်ရာဌာန အဖွဲ့အစည်းရဲ့ ထောက်ခံချက်ကို ပူးတွဲတင်ပြရမှာဖြစ်ပြီး အရေးကြီးပုဂ္ဂိုလ်ဧည့်သည်တွေ ခရီးစဉ်တွေ ရှိပါက ၂ ရက် ကြိုတင်အကြောင်းကြားဖို့ မယ်စဲ့မြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ထားပါတယ်။