Home
အထွေထွေ
MNDAA က အိမ်ထောင်စုကတ်နှင့် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် ထုတ်ပေးနေ 
DVB
·
June 6, 2025

MNDAA ကိုးကန့်တပ် ထိန်းချုပ် နယ်မြေမှာ လက်ရှိ ဒေသ အိမ်ထောင်စုနဲ့ ဒေသခံကတ်ပြား ပြုလုပ်ပေးနေပြီး တရုတ်ဘက် နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ်ပါ လျှောက်လို့ရနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတယောက်က "မုံးကိုးဘက် ရှမ်းပြည်နယ် အထူးဒေသ ၁ အိမ်ထောင်စု၊ မှတ်ပုံတင်၊ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်တွေ လုပ်ပေးတာ" လို့ ပြောပါတယ်။

ဒေသခံ ကတ်ပြား မှတ်ပုံတင် လုပ်ရင်တော့ တရုတ်ငွေ ယွမ် ၇၀ ပေးရပြီး ၂ ရက်၊ ၃ ရက် စောင့်ရတယ်လို့ ဒေသခံက ပြောပါတယ်။

"MNDAA ဘက်က ဒေသခံ မှတ်ပုံတင် ပုံစံ ကတ်ပြား လုပ်ပေးတာ ဟုတ်တယ်။ MNDAA ထိန်းချုပ် နယ်မြေ အကုန်လုံး ဘာလူမျိုးဖြစ်ဖြစ် ဒေသခံ ဆိုရင် အားလုံး လုပ်လို့တယ်။"

MNDAA ဘက်က ထုတ်ပေးတဲ့ အိမ်ထောင်စု စာရင်း စာအုပ်နဲ့ ဒေသခံ ကတ်ပြား ရှိရင် တရုတ်ဘက်ခြမ်းမှာ နယ်စပ် ဖြတ်‌ေကျာ်ခွင့်စာအုပ် လျှောက်ယူလို့ ရတယ်လို့ သိရပါတယ်။

ကိုးကန့်ဒေသခံက "နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ် တနေ့ကို အယောက် ၂၀ လုပ်ပေးတယ်။ MNDAA က လုပ်ပေးတာတော့ မဟုတ်ဘူး။ သူတို့ ထုတ်ပေးတဲ့ မှတ်ပုံတင် ပုံစံ ဒေသခံ ကတ်ပြားနဲ့ တရုတ်ဘက်ခြမ်းက ဂိတ်မှာ သွားလုပ်ရတယ်။ တရုတ်ဘက်က လုပ်ပေးတာပါ။ ဟိုဘက် တရုတ်ဘက်ခြမ်းက ရုံးက လုပ်ပေးတာပါ" လို့ ပြောပါတယ်။

အဲဒီ စာအုပ်နဲ့ ကားမောင်းသမားတွေက နယ်စပ် အဝင်အထွက် လုပ်နေတဲ့ သူတွေရှိ နေပြီဖြစ်ပြီး တရုတ် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် ပိုက်ဆံပေးစရာမလိုပဲ တရုတ်ဘက်က အကန့် အသတ်နဲ့ အခမဲ့ လုပ်ပေးတာဖြစ်ပါတယ်။

ဒေသခံက "သူတို့ဂိတ်မှာ သွားတန်းစီပြီး လုပ်ယူရတာ။ မုံးကို ထိ လာပြီး လာလုပ်ပေးတာတော့ မဟုတ်ဘူး။ သူတို့ MNDAA အဲလိုလုပ်တာက လူဦး‌ရေစာရင်း သိချင်လို့လည်း ဟုတ်တယ်" လို့ ပြောပါတယ်။

အရင်ကတည်းက စာရင်းပေးထားတဲ့ သူတွေ အလေ့ကျ လုပ်ရပြီး အဲဒီ နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်နဲ့ တရုတ်နိုင်ငံ မံစီမြို့ အထိ သွားလာခွင့်ပြုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုးကန့် MNDAA ထိန်းချုပ်ရာ အထူးဒေသ ၁ နယ်မြေရဲ့ ပြင်ပ ကနေ ဝင်‌လာသူတွေ အနေနဲ့ အိမ်ထောင်ရှိပြီး အထူးဒေသ ၁ မှာ ၈ နှစ်အထက် အခြေချနေထိုင်ပြီး ပြစ်မှုမှတ်တမ်းမရှိသူတွေ၊ MNDAA တပ်ဖွဲ့နဲ့ MNDAA ရဲ့ ဌာနဆိုင်ရာ ရုံးတွေမှာ ၃ နှစ်နဲ့ အထက် တာဝန်ထမ်းဆောင်သူတွေ၊ စီးပွားရေးလုပ်ငန်း ဒါမှမဟုတ် စွန့်ဦးတီထွင်လုပ်ငန်းအတွက် အထူးဒေသ ၁ မှာ တရုတ်ငွ ယွမ် ၅၀၀,၀၀၀ နဲ့အထက်ရှိပြီး အိမ်ခြံမြေပိုင်ဆိုင်မှုရှိသူတွေကတော့ MNDAA က ထုတ်ပေးတဲ့ အိမ်ထောင်စုနဲ့ ဒေသခံ မှတ်ပုံတင် ကတ်ပြား လျှောက်ယူနိုင်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013