Home
မြန်မာသတင်း
ငတ်မွတ်နေသည့် မြန်မာပြည်သူများကို ကူညီရန် ကိုရီးယားနှင့် WFP တို့ပူးပေါင်းပြီး REACH အစီအစဥ် စတင်မည်
DVB
·
September 9, 2025
Photo: WFP

မြန်မာနိုင်ငံအတွင်း စံချိန်တင်မြင့်တက်လာတဲ့ ဆာလောင်မွတ်သိပ်နေတဲ့ ပြည်သူတွေကို ကူညီပေးဖို့ တောင်ကိုရီးယားနိုင်ငံနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) တို့ပူးပေါင်းပြီး REACH အစီအစဥ်ကို စတင်အကောင်အထည်ဖော်မယ်လို့  စက်တင်ဘာ ၅ ရက်မှာ  သတင်းထုတ်ပြန် ပါတယ်။

REACH (Responding With Emergency Assistance For Conflict- Affected Household) အစီအစဉ်အရ ကိုရီးယားနိုင်ငံရဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းဟာ ပဋိပက္ခနဲ့ ငလျင်ဒဏ်ကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့ မိသားစုက လူဦးရေ ၃ သိန်းဝန်းကျင်အတွက် ထောက်ပံ့ကူညီပေးသွားမှာဖြစ်သလို ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကလေးသူငယ် ၂၄,၀၀၀ တို့ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနဲ့ ကုသရေး အကူအညီတွေ ပေးသွားမယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံသား  ၃ ယောက်မှာ တယောက်က ဝမ်းရေးမဖူလုံတာကို ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့နှစ်ကထက် ဝမ်းရေးမဖူလုံသူ ၃ သန်းကျော် တိုးလာတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၆ ဒသမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကထက် ၃ သန်းလောက် တိုးလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဝဝလင်လင် မစားနိုင်တဲ့ လူဦးရေ ၁၃ ဒသမ ၃ သန်း ရှိခဲ့တယ်လို့ WFP က ဆိုထားပါတယ်။

အဲဒီအထဲမှာမှ လူဦးရေ ၂ ဒသမ ၈ သန်းဟာ ထမင်းတနပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအတွက်ကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ဆာလောင်ငတ်မွတ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရတဲ့ လူဦးရေ ပဉ္စမမြောက် အများဆုံးရှိနေတဲ့နိုင်ငံလည်း ဖြစ်လာနေကြောင်း သိရပါတယ်။

ရန်ကုန်မြို့၊ ခရမ်းမြို့နယ်နေ ပြည်သူတယောက်က “အိမ်နားက ဆေးလိပ် လိပ်တဲ့ ညီမလေးဆို အရင်က ဆေးလိပ် ၁,၀၀၀ လိပ်ရင် ကျပ် ၅,၀၀၀ ရတာ သူတို့ တရက်တာ စားလောက်တယ်လေ။ မိသားစု ၄ ယောက်ပေမဲ့ ယောကျ်ားဖြစ်သူက ကျပန်းလုပ်တာ ပန်းရန်လေး ဘာလေးပေါ့၊ အသားလေး ငါးလေး စားနိုင်သေးတယ်။ အခုကျတော့ ဆေးလိပ် ၁,၀၀၀ လိပ်တာ ဖင်ကြွပ်တက်အောင် လိပ်တာ ကျပ်  ၁၂,၀၀၀ ရတယ်၊ အဲဒါ စားလို့ မလောက်တော့ဘူး။ အသား ငါး စားဖို့နေနေသာသာ အသီးအရွက်တောင် နပ်မမှန်ဘူး။ ဆန်လည်း အကြမ်းတောင်မစားနိုင်လို့ ကျိုးနေတဲ့ ဆန်လည်ကျိုး/ဆန်ကွဲကျိုးကိုပဲ ဝယ်စားရတယ်။ နောက် အိမ်မှာ အဝတ်လျှော်တဲ့ ညီမလေး သူက မုဆိုးမပေါ့၊ သူက တနေ့မှ ကျပ် ၂,၀၀၀၊ ၃,၀၀၀ ရတာ၊ မလျှော်ရတဲ့နေ့ဆို စားစရာမရှိလို့ လိုက်တောင်းစားရတာ။ ကလေးအတွက် မုန့်ဖိုးမရှိရင် လမ်းထဲက အရွက်လေးတွေ ခူးရောင်းပြီး မုန့်ဖိုးရှာရတာ။ လူတွေက ဘယ်လောက်တောင် ခက်ခဲလာလဲဆိုတော့ ရွာတွေဘက်မှာ ဆွဲကြိုးချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာတောင် ရှိတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတွေဟာ စီးပွားရေး ကျဆင်းနေမှုနဲ့အတူ အာဏာသိမ်းကာလ အစ ၂၀၂၁ ခုနှစ် အစောပိုင်းကထက် ကုန်ဈေးနှုန်း ၄ ဆအထိ တိုးမြင့်လာပြီး သန်းနဲ့ချီတဲ့လူတွေဟာ အခြေခံကျတဲ့ စားသောက်ဖွယ်ရာတွေကိုတောင် ဝယ်မစားနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ WFP ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးအကြီးအကဲ ဘဲဘာယွန်းဆိုးက “အခုလို ခက်ခဲတဲ့ကာလမှာ ကိုရီးယားသမ္မတနိုင်ငံအနေနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်ဖို့ ကတိကဝတ် ပြုထားပါတယ်။ ဒီပံ့ပိုးကူညီမှုကနေတဆင့် မြန်မာပြည်သူပြည်သားတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ရေရှည်ကာလအထိ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်နေနိုင်အောင် ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုထားပါတယ်။

၂၀၂၅ ခုနှစ် ဧပြီလထဲမှာတော့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ဟာ ရန်ပုံငွေ မလုံလောက်မှုနဲ့ မြန်မာက လူတသန်းအတွက် အရေးပေါ်အကူအညီပေးတာကို ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013