
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ အာဟာရချို့တဲ့မှု ကာကွယ်ရေးအစီအစဉ်ကို ဆိုင်းငံ့လိုက်ပြီးတဲ့နောက် ယီမင်နိုင်ငံက မိသားစုတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာဟာရကုန်ကျစရိတ်တွေ မြင့်တက်လာပြီး အာဟာရချို့တဲ့မှုနှုန်း ပိုများလာနေပါတယ်။
WFP ကို ထိခိုက်စေတဲ့ အဓိက ရန်ပုံငွေ အကျပ်အတည်းကို နောက်ခံထားပြီး ကမ္ဘာ့အသိုက်အဝန်းဟာ သြဂုတ် ၁၉ ရက်မှာ ကမ္ဘာ့လူသားချင်းစာနာမှုနေ့ကို ကျင်းပခဲ့ကြတာပါ။
ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတခုဖြစ်တဲ့ WFP မှာ အရင်းအမြစ်တွေ ကျုံ့သွားလို့ လာမယ့်နှစ်မှာ ဝန်ထမ်းအင်အားကို ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချဖို့ အစီအစဉ်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။
ထိပ်တန်းအလှူရှင်ဖြစ်တဲ့ အမေရိကန်က ကမ္ဘာလုံးဆိုင်ရာအကူအညီရဲ့ ၄၂ ရာခိုင်နှုန်းအဖြစ် နှစ်စဉ်အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၈ ဘီလီယံလောက် ပံ့ပိုးပေးခဲ့ပေမဲ့ မကြာသေးမီက ဖြတ်တောက်ခဲ့လို့ အရေးကြီးတဲ့ ရန်ပုံငွေ ကွာဟခဲ့တာပါ။
ဒီရန်ပုံငွေကွာဟချက်ကြောင့် ယီမင်အမျိုးသမီးနဲ့ ကလေး ၄၂၆,၀၀၀ ကျော်အတွက် WFP ရဲ့ အကူအညီကို ရပ်တန့်ခဲ့ပြီး အများစုက ခုချိန်မှာ အကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။
ဆာနာမြို့တော်က ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာနစ်အယ်လ် အက်စ်ဘာဟီက WFP အစီအစဉ်ကို ဆိုင်းငံ့လိုက်တာဟာ ကျန်းမာရေး ကပ်ဆိုးတခု ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။
ယီမင်မှာ အပြင်းအထန် အာဟာရချို့တဲ့မှု ခံစားနေရတဲ့ ကလေးဦးရေက ၅ သိန်းလောက်ရှိတယ်လို့ သူက ပြောပါတယ်။
ယီမင်နိုင်ငံမှာ အသက် ၅ နှစ်အောက် ကလေးထက်ဝက်နီးပါးက ပုညှက်ခြင်းဝေဒနာကို ခံစားနေရပြီး ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုကြောင့် တခြားမရေမတွက်နိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတာပါ။
လူပေါင်း ၁၇ သန်းကျော် ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရပါတယ်။ အရေအတွက်က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ ၁၈ သန်းအထိ တိုးလာစရာရှိပြီး အမျိုးသမီးတွေနဲ့ ကလေးတွေက အကျပ်အတည်းဒဏ်ကို ခံနေကြရပါတယ်။
Source: Reuters