Home
ဆောင်းပါး
နယ်စပ်မျဉ်းပေါ်က ဝိုးတဝါးအနာဂတ်များရဲ့ နောက်ဆုံးမျှော်လင့်ချက်
DVB
·
September 8, 2025
Photo: စောမင်းသိန်း/DVB
Photo: စောမင်းသိန်း/DVB
Photo: စောမင်းသိန်း/DVB
Photo: စောမင်းသိန်း/DVB
Photo: စောမင်းသိန်း/DVB
Photo: စောမင်းသိန်း/DVB
Photo: စောမင်းသိန်း/DVB
Photo: စောမင်းသိန်း/DVB
Photo: စောမင်းသိန်း/DVB
Photo: စောမင်းသိန်း/DVB
Photo: စောမင်းသိန်း/DVB
Photo: စောမင်းသိန်း/DVB
Photo: စောမင်းသိန်း/DVB

“ဒီနေ့အတွက် ကြက်ဥရှိရင် မနက်ဖြန်အတွက် ဘာစားရမလဲဆိုတဲ့ စိတ်ပူပန်သောက ရှိတယ်။ ကလေးတွေ စားချင်တာလည်း အရမ်းမဝယ်ကျွေးရဲဘူး။ ကလေးတွေ ထမင်းငတ်မှာ ကြောက်လို့ ရိက္ခာဖြတ်ခံရပြီးတဲ့နောက် ကလေးတွေ ဘာစားချင်လဲ မဝယ်ကျွေးရဲတော့ဘူး။”

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းစွန်းတောင်တန်းဒေသဖြစ်တဲ့ မယ်ဟောင်ဆောင်ခရိုင်ထဲက ဝါးတဲငယ်တခုမှာ အသက် ၄၇ နှစ်အရွယ် မယ်ရဟာ သူ့ရဲ့ စက်ချုပ်စက်ဟောင်းကြီးနဲ့ အလုပ်လုပ်နေရင်း ဒီစကားတွေကို ပြောပြနေခဲ့တာပါ။

မယ်ရက ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ကနေ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက နယ်စပ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးတိမ်းရှောင်ရင်း ဒီစခန်းကို ရောက်လာခဲ့သူပါ။

ပြည်တွင်းစစ်နဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် ဒုက္ခသည်စခန်း ရောက်ခဲ့တဲ့ မယ်ရတယောက် စခန်းအတွင်းက ကူညီထောက်ပံ့မှုတွေကြားမှာ အသက်ရှူပေါက် သေးသေးလေးတခု ရခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အခုတော့ ကူညီမှုတွေ ဖြတ်တောက်ခံလိုက်ရလို့ မယ်ရတယောက် အသက်ရှူပြန်ကျပ်နေရပြီလို့ ဆိုပါတယ်။

“အခုကျတော့ အသက်ရှူပြန်ကျပ်တယ်။ အခုကတော့ တပြားရလည်း ငါ့ဆန်ဖိုး၊ ငါ့ဆီဖိုး ကလေးတွေ ဘာစားချင်စားချင် မဝယ်ရဲတော့ဘူး။ အဓိက ဆန်ဖိုးပဲ တွက်တဲ့အခါကျတော့ ကလေးတွေ သနားဖို့ကောင်းတယ်” လို့ မယ်ရ ဆိုရင်း အပိုဝင်ငွေရဖို့  ချုပ်လက်စအဝတ်တွေကို ဆက်ချုပ်နေပါတယ်။

မယ်ရ နေထိုင်နေတဲ့ ဒုက္ခသည်စခန်းကို ၁၉၉၆ ခုနှစ် မတ်လမှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့ရဲ့ မြောက်ဘက် ၁၆ မိုင် (၂၆ ကီလိုမီတာ) အကွာမှာ တည်ရှိပြီး ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်နဲ့ ၁၆၀ ကီလိုမီတာ (၉၉ မိုင်) သာ ကွာဝေးပြီး ၇၀ ဟက်တာ ကျယ်ဝန်းပါတယ်။

စခန်းအတွင်းမှာ ဒုက္ခသည်ဦးရေ ၉,၆၈၁ ယောက် နေထိုင်ပြီး အဲဒီစခန်းရဲ့ ၉၈ ရာခိုင်နှုန်းသော ဒုက္ခသည်တွေဟာ ကရင်နီတိုင်းရင်းသားတွေဖြစ်ကြကာ ရှမ်းပြည်နယ်ဘက်က အသိုက်အဝန်း အနည်းငယ် ပါဝင်ပါတယ်။

စခန်းကို ထိုင်းအစိုးရရဲ့ ဒေသခံအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကရင်နီ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့  ပံ့ပိုးကူညီမှုတွေနဲ့  စီမံအုပ်ချုပ်နေပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ နေထိုင်ကြတဲ့ ဒုက္ခသည်  ၁၀၇,၀၀၀ ကို ၂၀၂၅ ဇန်နဝါရီလထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရက ရန်ပုံငွေဖြတ်တောက်မယ်လို့ ကြေညာခဲ့ပြီး အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အပါအဝင် အရေးတကြီး အကူအညီတွေ လျှော့ချခံလိုက်ရပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကနေစပြီး ဒုက္ခသည်စခန်းအားလုံးရဲ့ အစားအစာ အကူအညီတွေနဲ့ ထောက်ပံ့ပေးတဲ့ အဓိက လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းဖြစ်တဲ့ Border Consortium (TBC) ကနေ စခန်းသားဦးရေရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ဖြစ်တဲ့ သာမန် အိမ်ထောင်စုတွေအတွက် အစားအစာ အကူအညီကို လုံးဝရပ်ဆိုင်းခဲ့ပါတယ်။

ဒုက္ခသည်စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ “ထိခိုက်လွယ်သော” ဒါမှမဟုတ် “အထိခိုက်လွယ်ဆုံး”လို့ သတ်မှတ်ထားတဲ့ သက်ကြီးရွယ်အို၊ မသန်စွမ်းသူတွေ ဒါမှမဟုတ် မိဘမဲ့ကလေးတွေသာ အထောက်အပံ့ အနည်းငယ်သာ ရတော့ပါတယ်။ သူတို့တွေဟာလည်း အခုလာမယ့် ဒီဇင်ဘာလ ကုန်ရင် အထောက်အပံ့ ဆက်ရမယ်လို့ အာမခံချက်မရှိပါဘူး။

ဒါ့အပြင် နယ်စပ်ဒုက္ခသည်စခန်းတွေအတွင်းမှာ အဓိကကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ International Rescue Committee (IRC) ဟာလည်း အမေရိကန် အကူအညီ ဆိုင်းငံ့ခံရပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိတ်သိမ်းသွားခဲ့ပါတယ်။

ခုလောလောဆယ်အထိတော့ လက်ကျန်ဆေးဝါး အနည်းငယ်နဲ့သာ မြေပြင်မှာ လည်ပတ်နေပါတယ်။

“စားဖို့သောက်ဖို့က တရက် တရက် သွားရှာရတာဆိုတော့ အဲဒါ သက်သာသေးတယ်။ ပိုဆိုးတာ ကျန်းမာရေးနော်။ ကျန်းမာရေးက ဆေးရုံတရက်သွားနေရင် ထောင်ဂဏန်း သောင်းဏန်း အဲဒီလို ဖြစ်သွားတော့ ကျမတို့ ဒုက္ခသည်အခြေအနေနဲ့ ဘယ်လိုမှ မတတ်နိုင်ဘူး။ အခုလောလောဆယ်တော့ ဆေးခန်းမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ဆေးအနည်းငယ်တော့ ရှိသေးတယ်။ လုံးလုံးရပ်လိုက်ရင်တော့ အများကြီး စိုးရိမ်စရာ မြင့်သွားမှာ။”

ဒါကတော့ ဒုက္ခသည်စခန်းထဲမှာ ၂၄ နှစ်ကျော်ကြာ နေထိုင်ခဲ့တဲ့ ဆဲမယ့်က ပြောပြနေတာပါ။ သူ့ဇာတိက ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ကဖြစ်ပြီး ကလေး ၃ ယောက် မိခင်ဖြစ်ပါတယ်။

သူကတော့ စခန်းထဲမှာ ဝန်ထမ်းအဖြစ် အလုပ်လုပ်နေသူဖြစ်လို့ ရပ်တည်စရာ လစဉ်ငွေကြေး အနည်းငယ် ရှိနေပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက်တော့ စိုးရိမ်နေပါတယ်။

လက်ရှိမှာတော့ ဒုက္ခသည်စခန်းအတွင်းမှာ ကာလကြာရှည် နေထိုင်တဲ့ ဒုက္ခသည်တွေအနေနဲ့ ဒုက္ခပေါ်ကို ဒုက္ခဆင့်လို့ နေတယ်လို့ ဆဲမယ့်က ဆက်ပြောပြပါတယ်။

“စိတ်ဖိစီးမှုက လူတိုင်းတော့ ရှိကြတာပေါ့နော်။ ကျမတို့ ဒုက္ခသည်တွေ စိတ်ဖိစီးမှု ပိုဆိုးတာပေါ့။ အခုဆို စားဖို့ တရက်စာ တရက် ရှာကြံနေရလို့ သက်သာသေးတယ်။ ကျန်းမာရေးဆို ဆိုးရွားတယ်။ ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့ မဖြစ်နိုင်ဘူးလေ။ လောလောဆယ် ရုတ်တရက် ဖြတ်တောက်လိုက်တဲ့အခါ တခြားဝန်ဆောင်မှုတွေပါ ရပ်သွားတယ်၊ အမှိုက်သယ်ပေးမယ့် ကားလည်း မရှိတော့ဘူး။ လောလောဆယ်က အများကြီး စိန်ခေါ်မှုတွေ ရှိနေတယ်။ တတ်နိုင်သလောက်တော့ နည်းနည်းစီ ကုစားရမှာပေါ့။”

ဒီနယ်စပ်ဒုက္ခသည်စခန်းက လူတွေရဲ့ တခုတည်းသော မျှော်လင့်ချက်ဖြစ်သလို ကာလကြာရှည် သူတို့ စောင့်ဆိုင်းနေတဲ့ တတိယနိုင်ငံမှာ အခြေချနေထိုင်ခွင့်ဟာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဒုက္ခသည်ခေါ်ယူမှု ရပ်ဆိုင်းမှုတွေကြား ရပ်ဆိုင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

တတိယနိုင်ငံမှာ မိသားစုရှိသူတွေကနေ တဆင့် ခေါ်ယူမှုရှိနေတဲ့ အနည်းငယ်သော လူတချို့သာ စခန်းက ထွက်ခွာခွင့်ရကြပါတယ်။

လက်ရှိ ဘက်ပေါင်းစုံ အကျပ်အတည်းဆိုက်နေတဲ့ ဒုက္ခသည်တွေရဲ့ တူညီတဲ့ မျှော်လင့်ချက် တခုကတော့ စခန်းထဲကနေ အပြင်ထွက်ခွင့်ရဖို့ပဲ ဖြစ်တယ်လို့ ဆဲမယ့်က ဆိုပါတယ်။

“ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက်လို့ ပြောရင်တော့ အပြင်ထွက်ချင်တာပါပဲ။ စခန်းထဲမှာနေတာ ၂၄ နှစ် ကျော်သွားပြီ။ စိတ်ထွက်ပေါက် ဆိုတာလည်း ကလေး ၃ ယောက်နဲ့ ဘယ်မှာရှာရမလဲ မသိဘူး။ ကိုယ့်စိတ်ကျန်းမာရေး ကိုယ်မထိခိုက်အောင် ထိန်းနေရပေမဲ့ အများစုက စိတ်ကျန်းမာရေး ထိခိုက်နေကြပြီ။ ဒီမှာပဲမွေးတဲ့လူတွေဆိုရင် အပြင်ကမ္ဘာမှာ ဘာတွေဖြစ်နေလဲ မသိဘူး။ လိုင်းပေါ်ကနေ ကြည့်လို့ရပေမဲ့ ကိုယ်တိုင် သွားကြည့်ရမှရမယ်။ အပြင်ထွက်ရင်လည်း အဖမ်းခံရရင် ကိုယ့်မှာ ပိုက်ဆံတွေ ဘာတွေ မရှိဘူး။ လူတယောက်ရဲ့ ဖြစ်ချင်မှုတွေ အများကြီး ကန့်သတ်ခံထားရတယ်။”

ဒီလို မျှော်လင့်ချက်ကင်းမဲ့မှုတွေ နက်ရှိုင်းလာချိန်မှာပဲ ထိုင်းအစိုးရက ဥပဒေနည်းကျ အလုပ်ခွင့်ပြုချက်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဘတ်ဂျက် အပါအဝင် မူဝါဒအသစ် ပြောင်းလဲမှုကို ကြေညာခဲ့ပါတယ်။

အခု စက်တင်ဘာ ၄ ရက်မှာတော့ ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက နယ်စပ်ရှိ ဒုက္ခသည်စခန်း ၇ ခုမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ မြှင့်တင်ဖို့အတွက် ဘတ်ငွေ ၁၆၀ သန်း (ဒေါ်လာ ၄ ဒသမ ၄ သန်း) သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံမှ ကျန်းမာရေးဝန်ထမ်း ၃၀၀ နီးပါးခန့် ခန့်အပ်မယ့် အစီအစဉ်များ ပါဝင်တယ်လို့ ကြေညာခဲ့ပါတယ်။

ဒီငွေကြေးခွဲဝေမှုတွေဟာ ဒုက္ခသည်တွေအတွက် အခြေခံကျန်းမာရေးဝန်ဆောင်မှုတွေကို ထိန်းသိမ်းဖို့၊ ရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချဖို့နဲ့ ကြာရှည်စွာ စခန်းတွေကို ထောက်ပံ့ပေးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီများ ကျဆင်းလာမှုအတွက် ပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်မှာတော့ ထိုင်းနိုင်ငံအတွင်းက ဒုက္ခသည်စခန်း ၉ ခုမှာရှိတဲ့  ဒုက္ခသည်တွေကို ဥပဒေနဲ့အညီ တရားဝင် အလုပ်လုပ်ကိုင်ခွင့်တွေ ခွင့်ပြုတယ်လို့  ထိုင်းအစိုးရက ပထမဆုံးအကြိမ် ကြေညာခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဒီထုတ်ပြန်ချက်ကို ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (INGO) နဲ့ လှူဒါန်းရေးအေဂျင်စီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) တွေက ကြိုဆိုခဲ့ကြပါတယ်။

အလုပ်လုပ်ကိုင်ခြင်းဟာ ဒုက္ခသည်တွေ အသက်ရှင်သန်ရေးအတွက် ဖြေရှင်းချက်ရဲ့ အစိတ်အပိုင်း တခုလို့  သူတို့က ရှုမြင်ကြပါတယ်။

မယ်ရ အပါအဝင် ဒုက္ခသည် ၄  ယောက်နဲ့ DVB က တွေ့ဆုံမေးမြန်းချက်တွေအရ ထိုင်းအစိုးရက ထုတ်ပြန်တဲ့ မူဝါဒတွေကို ဝမ်းသာကြိုဆိုပြီး အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ပြုခဲ့ကြပါတယ်။

ဒါပေမဲ့ ဩဂုတ် ၃၁ ရက်အထိတော့ ဒုက္ခသည်စခန်းတွေကို တရားဝင်အချက်အလက်နဲ့ ညွှန်ကြားမှုတွေ ရောက်မလာသေးဘူးလို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ လုပ်ဆောင်ချက်နှစ်ရပ်လုံးအတွက် တိကျတဲ့ အသေးစိတ်အစီအစဉ်တွေ ထွက်မလာသေးပါဘူး။

စခန်းတာဝန်ရှိသူတယောက်က “ကျနော်တို့က ဒီဆုံးဖြတ်ချက်ကို ကြိုဆိုတယ်။ အကူအညီ ကြီးမားစွာ ဖြတ်တောက်ခံရတဲ့အချိန်မှာ ဖြေရှင်းချက်ရဲ့ တစိတ်တပိုင်းပဲ။ ဒါပေမဲ့ အချိန်ယူရမယ်၊ ဗဟိုအစိုးရကနေ ဒီလိုကြေညာခဲ့တာ ခဏပဲရှိသေးတယ်” လို့  မှတ်ချက်ပြုပါတယ်။

ဒုက္ခသည်စခန်းတွေအတွင်းမှာတော့ NGO တွေနဲ့ CSO တွေက စိုက်ပျိုးရေးနဲ့  မွေးမြူရေးလုပ်ငန်းတွေ အဝတ်ချုပ်လုပ်တာတွေ၊ လက်မှုပစ္စည်းနဲ့ မော်တော်ဆိုင်ကယ် ပြင်ဆင်တာတွေကို လုပ်သားအတတ်ပညာသင်တန်းတွေအဖြစ် သင်ကြားပေးခဲ့တာတွေ ရှိပေမဲ့ ဒီကျွမ်းကျင်မှုတွေကို ဒုက္ခသည်တွေအနေနဲ့ ပြန်အသုံးချနိုင်ဖို့ အခွင့်အလမ်း နည်းပါးခဲ့တယ်လို့လည်း စခန်းတာဝန်ရှိသူက ဆက်ပြောပြပါတယ်။

ဒုက္ခသည်တွေအတွက် နောက်ဆုံး မျှော်လင့်ချက်ဖြစ်တဲ့ အပြင်ထွက် အလုပ်လုပ်ကိုင်ခွင့်နဲ့ ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေဘက်က တရားဝင်ခွင့်ပြုပေးဖို့ စောင့်ဆိုင်းရမယ့် ကာလတခု ကြာမြင့်နိုင်တယ်လို့လည်း ဒုက္ခသည်အရေး ကူညီပေးနေသူတွေနဲ့ စခန်းအတွင်းက ဒုက္ခသည်တွေက သုံးသပ်ကြပါတယ်။

ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဋ္ဌ မော်ဖရေးမြာက “ထိုင်းရဲ့မူဝါဒက အသစ်ဖြစ်နေသေးတော့ ၂ နှစ် ဒါမှမဟုတ် ၃ နှစ်လောက် ကြာမယ်ထင်တယ်။ ဘာစာရွက်စာတမ်းတွေ ဘာလုပ်ထုံးလုပ်နည်းတွေ လိုအပ်မယ်ဆိုတာ ကျမတို့ မသိရသေးဘူး။ ဒီကာလအတွင်းမှာ သူတို့ ဘယ်လိုစားကြမလဲ” လို့ သုံးသပ်ပါတယ်။

တကယ့်လက်တွေ့မှာလည်း စခန်းအတွင်းမှာရှိတဲ့ ဒုက္ခသည်အရေအတွက်ကို ပြန်အချိုးချကြည့်မယ်ဆိုရင် အလုပ်ထွက်လုပ်နိုင်တဲ့ အရေအတွက်ဟာ စခန်းလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတယောက်က တွက်ချက်ပြပါတယ်။

ဒါပေမဲ့ နှစ်ကာလကြာရှည် ပိတ်လှောင်မှုတွေနဲ့ မျှော်လင့်ချက်ဝိုးတဝါးကြားမှာ ဒုက္ခသည်တွေအတွက် ဒါဟာ ပထမဆုံး အပြင်ထွက်ခွင့်ဖြစ်လို့ နောက်ဆုံးမျှော်လင့်ချက်လို့တောင် ဆိုလို့ရတယ်လို့ မှတ်ချက်ပြု ပြောဆိုကြပါတယ်။

မချစ်မွန်၊ အဲလီ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024