ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ပြသတဲ့ လူထုထောက်ခံပွဲတရပ်ကို ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့မှာ ဒေသအချိန် စက်တင်ဘာ ၆ ရက်က မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီးကျင်းပခဲ့ပါတယ်။
လူထုထောက်ခံပွဲကို တိုရန်တိုမြို့ခံတွေသာမက လန်ဒန်၊ ကစ်ချီနာ၊ ဟဲမယ်လ်တန်၊ ဆာနီရာစတဲ့ အနီးနားကမြို့တွေနဲ့ အမေရိကန်ပြည်ထောင်စု ဘတ်ဖဲလိုးမှာနေထိုင်တဲ့ မြန်မာအရေး တက်ကြွလှုပ်ရှားသူတွေလည်း အဖွဲ့လိုက်ရော အွန်လိုင်းကပါ တက်ရောက်ပါဝင် အားဖြည့်ခဲ့ကြပါတယ်။
အဆိုပါ လူထုထောက်ခံပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး၊ တိုရန်တိုတက္ကသိုလ်က တွဲဖက်ပါမောက္ခ မက်သရူးဂျေဝယ်လ်တန်နဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက်ကနေဒါပါလီမန် မိတ်ဆွေများအဖွဲ့ ( PFODB)မှ လွှတ်တော်အမတ် ဂါးနက်ဂျီးနီးယက်စ်တို့ကလည်း ထောက်ခံအားပေးစကားတွေ အသီးသီးပြောကြားခဲ့ကြပါတယ်။
ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း ရာထူးတာဝန်ဆက်လက်ရယူနိုင်ရေး ထောက်ခံပွဲတွေကို နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာဖြစ်ပါတယ်။