Home
မြန်မာသတင်း
KNLA ပူးပေါင်းစစ်ကြောင်းက အောင်ဇေယျစစ်ကြောင်းကို ပြန်လည်ပိတ်ဆို့
DVB
·
September 6, 2025
Photo:File

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းမကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို KNLA ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်ပိတ်ဆို့ထားတယ်လို့ စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၅ ရက်မှာ စစ်ကောင်စီက တပ်မ ၄၄၊ ၂၂၊ ၅၅၊ ၆၆  ကို စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပစ်ကူရယူပြီး နို့ဖိုးရွာနဲ့ ထီးမူထရွာဘက် ထိုးဖောက်ဝင်ရောက်လာတာပါ။

ဒ့ါအပြင် မြဝတီမြို့နယ်၊ နို့ဖိုးရွာနဲ့ ထီးမူထရွာဘက်မှာ ပိတ်မိနေတဲ့ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ စစ်ကြောင်းကို နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ နောက်ချန် ခလရ ၂၇၅ စစ်ကြောင်းက ထိုးဖောက်လာတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းဘက်က စခန်းတချို့ ဆုတ်ခွာပေးခဲ့ရပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းအားလုံး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းဘက်က ပြန်လည် ဝိုင်းဝန်ပိတ်ဆို့ထားတာကြောင့် ပိတ်မိနေပါတယ်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တယောက် “အဲဒါဟုတ်ပါတယ်။ ကျနော်တို့ ဗိုလ်ဒါဘောဘက်က အဖွဲ့တွေ တော်တော်များများ သူတို့စခန်းတွေကို ဆုတ်ပေးလိုက်ရတယ်။ နို့ဖိုး၊ ထီမူထဆိုတာ အရင်က ကျနော်တို့နေခဲ့တဲ့နေရာ။ သူတို့(စစ်ကောင်စီ)ဝင်ပြီးနေနေပေမဲ့ ပတ်ချာလည်ကနေပြီး သူတို့ကို ဝိုင်းထားတယ်။ PDF၊ ဗိုလ်ဒါဘော၊ တော်လှန်ရေးအဖွဲ့တွေ တော်တော်များများက ဝိုင်းထားတယ်။ သူတို့ကို ပိတ်ထားတာပေါ့။ သူတို့ ဘယ်လိုလုပ်မလဲတော့ မသိဘူး။ လေယာဉ်နဲ့တော့ ဗုံးကြဲတယ်။ မနေ့ညကလည်း ဆက်တိုက်ပဲ လေယာဉ်တွေလာတယ်” လို့ ပြောပါတယ်။

နို့ဖိုးရွာနဲ့ ထီးမူထရွာဘက်မှာ ပိတ်မိနေတဲ့ ခလရ ၂၇၅ စစ်ကြောင်းဟာ BGF အကူအညီနဲ့ ပြန်ထိုးဖောက်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“BGF အကူအညီနဲ့ ပိတ်မိနေတဲ့ ခလရ ၂၇၅ စစ်ကြောင်းကို သွားပူးပေါင်းတယ်။ ပူးပေါင်းမိပြီးတော့ ပြန်ထိုးဖောက်ဖို့ ကြိုးစားနေတယ်။ နောက်တခုက စစ်ကောင်စီဘက်က ဗျူဟာရောက်ပြီ၊ ၃၅၅ ရပြီ၊ ၃၅၆ ရပြီဆိုပြီ အဲလိုတော့ပြောနေတယ်။ သူတို့ရဲ့ လော်ဘီပဲလား။ တကယ် ကိုယ်လည်း မျက်မြင်မတွေ့ရဘူး။ အဲဒီဘက်လည်း သွားလို့မရဘူး။ အဲလိုဖြစ်နေတယ်။”

လက်ရှိ စစ်ကောင်စီတပ်ဘက်က လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူရယူ တိုက်ခိုက်နေပေမဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးသူများပြားပြီး တော်လှန်ရေးတပ်ဘက်ကလည်း ထိခိုက်ကျဆုံးသူတချို့ ရှိတယ်လို့ မြေပြင်သတင်းရင်းတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013