Home
နိုင်ငံတကာ
ထရမ့်ပ်က ကာကွယ်ရေးဝန်ကြီးဌာနကို စစ်ပွဲရေးရာဝန်ကြီးဌာနဟု အမည်ပြောင်းမည်
DVB
·
September 5, 2025
Photo :Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကာကွယ်ရေးဝန်ကြီးဌာနကို စစ်ပွဲရေးရာဝန်ကြီးဌာန (Department of War) လို့ နာမည်ပြောင်းဖို့ ညွှန်ကြားထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနကို စစ်ပွဲရေးရာဝန်ကြီးဌာနလို့ ဆင့်ပွားအမည်အဖြစ် အသုံးပြုဖို့၊ ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်ကို စစ်ဝန်ကြီးအဖြစ် ခေါ်ဝေါ်ဖို့ အမိန့်တရပ်ကို စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။

အမေရိကန်စစ်တပ်ကို ကွပ်ကဲတဲ့ ပင်တဂွန်စစ်ဌာနချုပ်ကို အရင်က စစ်ပွဲရေးရာဝန်ကြီးဌာနအဖြစ် ခေါ်ဝေါ်သုံးနှုန်းခဲ့ပါတယ်။

၁၇၈၉ ခုနှစ်ကစပြီး ကက်ဘိနက်အဆင့် ဌာနအဖြစ် ထူထောင်ခဲ့ပြီး ၁၉၄၇ အထိ ဒီနာမည်အတိုင်း တည်ရှိခဲ့တာ ဖြစ်ပါတယ်။

အစိုးရဝန်ကြီးဌာနတွေ ထူထောင်ပိုင်ခွင့်ဟာ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာသာ အာဏာရှိတဲ့အတွက် တရားဝင်နာမည်ပြောင်းမယ်ဆိုရင် လွှတ်တော်ရဲ့ ဥပဒေပြင်ဆင်ချက် လိုအပ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ထရမ့်ပ်တယောက်တည်း ဆုံးဖြတ်ချက်နဲ့  အပြီးသတ် မပြောင်းလဲနိုင်သေးတဲ့အတွက် လတ်တလောမှာ ဆင့်ပွားအမည်အနေနဲ့ပဲ သုံးပြီးတော့ ဥပဒေပြုရေးနည်းလမ်းနဲ့ အမြဲတမ်း အမည်ပြောင်းလဲနိုင်ရေး ဆက်လက်ဆောင်ရွက်ဖို့ ဝန်ကြီးကို ညွှန်ကြားထားပါတယ်။

လက်မှတ်မထိုးရသေးတဲ့ အမိန့်မူကြမ်းမှာတော့ “စစ်ပွဲရေးရာဝန်ကြီးဌာန” ဆိုတဲ့ နာမည်ဟာ အသင့်ဖြစ်နေတယ်ဆိုတဲ့ အားကောင်းတဲ့ သတင်းစကားကို ဆောင်ကြဉ်းပေးနိုင်ပြီး ခုခံကာကွယ်နိုင်စွမ်းကို အထူးပြုတဲ့ “ကာကွယ်ရေးဝန်ကြီးဌာန” ဆိုတဲ့ နာမည်နဲ့ယှဉ်ရင် ပိုပြတ်သားမှု ရှိတယ်လို့ ဖော်ပြထားပါတယ်။

အပြီးသတ် နာမည်ပြန်ပြောင်းရင် ဘယ်လောက်ကုန်ကျမလဲဆိုတာ အိမ်ဖြူတော်က မပြောသေးပေမဲ့ ဒေါ်လာဘီလီယံချီ ကုန်ကျနိုင်တယ်လို့ အမေရိကန်မီဒီယာတွေက တွက်ချက် ဖော်ပြပါတယ်။

ဒီအထဲမှာ ရာနဲ့ချီတဲ့ ဌာနရုံးတွေ၊ အမှတ်တံဆိပ်တွေ၊ အီးမေးလ်လိပ်စာတွေ၊ ယူနီဖောင်းတွေ စသဖြင့် အသေးစိတ် ပြောင်းလဲရမှု အများအပြား ပါဝင်မှာဖြစ်ပါတယ်။

ဒီနာမည်ပြောင်းလဲမှုကို လွှတ်တော်ကလည်း လက်ခံဆောင်ရွက်ပေးမှာ သေချာတယ်လို့ ထရမ့်ပ်က ပြီးခဲ့တဲ့ အပတ်ကတည်းက ပြောထားပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013