
ပြီးခဲ့တဲ့လက ရေကြီးပြီး မြေပြိုခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပေါင်းလောင်းမြို့နယ်ထဲက ဧဒင်ကျေးရွာမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက် အကူအညီတွေလိုအပ်နေပါတယ်။
ဩဂုတ် ၂၇ ရက်က နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းအစပ် ပေါင်းလောင်းမြို့သစ် သပြေကုန်းကျေးရွာအုပ်စုထဲက ဧဒင်ကျေးရွာမှာ တောင်ကျရေတွေ ရုတ်တရက်စီးဝင်လာပြီး လူနေအိမ်တွေအပေါ် မြေပြိုကျလာလို့ ဒေသခံ ၂ ယောက် သေဆုံးပြီး နေအိမ် ၁၀ လုံးနီးပါး ထိခိုက်ပျက်စီးသွားခဲ့တာပါ။
လက်ရှိ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်နိုင်ဖို့အတွက် ငွေကြေးနဲ့ ဆောက်လုပ်ရေးကုန်ကြမ်းတွေ လိုအပ်နေပြီး မြေပြင်မှာအခက်အခဲတွေ ရှိနေတယ်လို့ ဧဒင်ကျေးရွာမှာ ရှင်းလင်းရေးလုပ်နေတဲ့သူတွေက ပြောပါတယ်။
မြေပိသွားတဲ့ လူနေအိမ်တွေကို ရှင်းလင်းရေးလုပ်ဖို့နဲ့ ပျက်စီးသွားတဲ့အိမ်တွေ ပြန်အစားထိုးဆောက်ဖို့ သစ်နဲ့သွပ် မလုံလောက်ဖြစ်နေတာပါ။
ပြန်လည်ထူထောင်ရေး လုပ်နေတဲ့အချိန်တွင်းမှာလည်း တောင်ကျရေ ဆက်စီးနေလို့ ဧဒင်ကျေးရွာက ဒေသခံအယောက် ၄၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားပြီး လိုအပ်တဲ့ အကူအညီနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ထားတယ်လို့ ကယ်ဆယ်ရေးသမားတွေ ဆိုပါတယ်။
ကယ်ဆယ်ရေးသမားတယောက်က “ဧဒင်ကျေးရွာက အခု တောင်ကျရေကလာရင် သူကဒိုက်တွေ ပါလာပြီးတော့ ရေထောက်ပြီးတော့ ပြန်လာရင် အိမ် ၃-၄ အိမ်က အန္တရာယ်ရှိသေးတယ်။ အဲ့အိမ်တွေကိုတော့ ကျနော်တို့ ရွှေ့ခိုင်းထားပါတယ်ဗျ။ ပြန်လည်ထူထောင်ရေးက အချိန်တော့ နည်းနည်းယူရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါသွားတဲ့မြေနေရာတွေ ပြန်ရဖို့အတွက် နည်းနည်းလေး အားစိုက်ရမယ်။ နောက်ပြီးတော့ အခုတောင်ကျရေက မပြီးသေးဘူး။ နည်းနည်းစိုးရိမ်စိတ်ရှိသေးတော့ မြေနေရာတွေချဖို့အတွက်က အချိန်ယူရမယ်ထင်တယ်” လို့ ပြောပါတယ်။
ပြိုကျထားတဲ့ မြေတွေကို ပြန်လည်ဖယ်ရှားဖို့အတွက် စက်ယန္တရားတွေလည်း လိုအပ်နေပြီး ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် အစားထိုးပြန်ဆောက်ပေးတဲ့နေရာမှာလည်း နေအိမ် တလုံးလောက်ပဲ ဆောက်လို့ ပြီးစီးတဲ့ အနေအထားမျိုးပဲ ရှိနေတယ်လို့ ဒေသခံတွေက ရှင်းပြပါတယ်။
ဒေသခံတယောက်က “တချို့အိမ်တွေ အိမ်လုံးကျွတ်ပါသွားတာဆိုတော့ သစ်တွေပေါ့နော်။ သစ်က ကအခုကျနော်တို့ နည်းနည်းလေးကြိုးစားနေပါတယ်။ ပစ္စည်းတွေ စုနေတယ်ပေါ့။ နောက်တခုက ဆောက်လုပ်ရေးအတွက်ပေါ့၊ သွပ်တွေတော့ရပြီ၊ တချို့ လိုရမယ်ရ၊ နောက်တော့ မြေနေရာပေါ့၊ မြေနေရာအစားထိုးဖို့အတွက် နည်းနည်းလေးခက်ခဲတာပေါ့။ ဝယ်ဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ ဒီမြေတွေကို ပြန်ရှင်းဖို့အတွက် ငွေရေးကြေးရေပါပဲ၊။ အဓိကငွေလိုနေတယ်။ ငွေရရင် စက်တွေခေါ် နေရာတွေပြန်ရှင်း၊ အရင်နေရာတွေ ပြန်နေလို့ရအောင် ရေလမ်းကြောင်းတွေ ပြောင်းရမယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လက မိုးအဆက်မပြတ်ရွာလို့ နေပြည်တော်၊ တပ်ကုန်းမြို့နယ် ပျဥ်းမနားမြို့နယ်နဲ့ ဇေယျာသီရိမြို့နယ်တို့မှာ ရေကြီးရေလျှံခဲ့ပြီး လက်ရှိမှာလည်း မုန်တိုင်းအရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ်အများစုမှာ မိုးသည်းတာ၊ လေပြင်းတိုက်တာနဲ့ မြေပြိုတာတွေ ကြုံနေရဆဲပါ။
မောရစ်