
တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးနယ်မြေတခုထဲကို ဝင်ရောက်လာတဲ့ စစ်ကြောင်းတခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီးတယောက်အပါအဝင် ၈ ယောက် ထက်မနည်း သေဆုံး၊ လက်နက်တွေလည်း ရတယ်လို့ PDF စစ်ရုံးချုပ်က စက်တင်ဘာ ၃ ရက်မှာ ထုတ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၄၊ နဂါးနီတပ်ရင်း၊ အမှတ် ၃၅၀၂ တပ်ရင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈ ပူးပေါင်းအဖွဲ့တို့က စက်တင်ဘာ ၂ ရက်နေ့မှာ တိုက်ခိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ဗိုလ်ကြီးတယောက် အပါအဝင် ၈ ယောက် ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သလို လက်နက်ငယ် ၇ လက်၊ RPG ၁ လက်၊ ခဲယမ်းနဲ့ စစ်သုံးပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)အနေနဲ့ စိုးမိုးနယ်မြေတွေ ခိုင်မာအောင်နဲ့ စိုးမိုးဒေသ ပိုမိုကျယ်ပြန့်လာအောင် စစ်ရေးအစီအမံတွေ တိုးချဲ့လုပ်နေတယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။


