
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ထိုင်းနိုင်ငံထုတ် ကုန်စည်တင်ယာဉ် အစီး ၃၀၀ နီးပါး ဒီရက်ပိုင်းအတွင်း ထပ်မံ ဖမ်းဆီးခံထားရပြီး သံလွင်တံတားကနေ ထိုင်းကုန်စည်တွေအပြင် ပြည်တွင်းထွက် ကြက်သွန်နီနဲ့ ငရုတ်ပါ ဖြတ်သန်းခွင့်မပြုဘူးလို့ မြို့မိမြို့ဖတွေထံက သိရပါတယ်။
ဘားအံမြို့မှာ ကုန်စည်တင်ယာဉ်တွေကို ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းခွင့်မပြုဘဲ ကုန်စည်တင်ယာဉ်တွေအပြင် ကုန်လှောင်ရုံတွေအထိ လိုက်လံဖမ်းဆီးနေပါတယ်။
မြို့မိမြို့ဖတယောက်က “သီရိကွင်းတော့ ပြည့်သွားပြီ။ ပြည့်တာမှ ဘေးပတ်လည် လမ်းတွေ၊ ဒုံစင်အနောက်လမ်းတွေ အကုန်လုံးအပြည့်ပဲ။ ပစ္စည်းတင်လာရင် သူဖမ်းတယ်။ နောက်မှ ဂျူတီပါလား မလား သူစစ်မယ်။ စထွက်ကတည်းက ဂျူတီအပြည့်နဲ့ဆိုရင် တမျိုးပေါ့။ မြဝတီကနေ ကားလေးတွေနဲ့ ကဲ့လာတာတွေရှိတယ်။ ကဲ့လာ ကဲ့လာ နည်းနည်းနဲ့ အဲလို။ အဲဒီနည်းနည်းနဲ့ကလည်း သိရင်လိုက်ဖမ်းတယ်။ အနည်းဆုံးက ၆ ဘီး၊ ၁၀ ဘီး၊ ၁၂ ဘီး၊ တွဲအကုန် အဲထဲမှာ။ အစီး ၃၀၀ လောက်ရှိနိုင်တယ်။ နေရာလပ်မှ မရှိတော့ပဲဟာ။ အစိုးရရုံးရှေ့ ပြည်ထောင်စုထိ သွားတဲ့ လမ်းပဲလွတ်တယ်။ ယိုးဒယားပစ္စည်း သံလွင်တံတားဖြတ်လို့မရဘူး။ ဖမ်းဆီး တားဆီးလား တားဆီး ဖမ်းဆီးလာတော့ မသိတော့ဘူး”လို့ ပြောပါတယ်။
စစ်တပ်က နယ်စပ်ကနေ တရားမဝင်ကုန်စည်တင်သွင်းမှုတွေကို တားဆီးလိုက်ပြီးတဲ့နောက်မှာ နယ်စပ်လမ်းကြောင်းတွေအပြင် ရေကြောင်းကနေ ဝင်ရောက်လာမယ့် စားသောက်ကုန်၊ လူသုံးကုန်အပါအဝင် ကုန်စည် ၃၅ မျိုးတည်းက အများစုကို ပိတ်ပင်ခဲ့ပါတယ်။
လက်ရှိမှာလည်း ဩဂုတ် ၁၈ ရက်ကစပြီး မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ တံတားကို မြန်မာဘက်ခြမ်းက စတင်ပိတ်လိုက်တာကြောင့် ထိုင်းကုန်စည်တင်ယာဉ် အစီး ၆၀၀ ကျော်ဟာ ပိတ်မိနေပါတယ်။
ဒါအပြင် မြဝတီမြို့ကတဆင့် ထိုင်းနိုင်ငံကို တင်ပို့မယ့် ပြည်တွင်းထုတ်ကုန်ဖြစ်တဲ့ ကြက်သွန်နီနဲ့ ငရုပ်ကုန်တွေပါ သံလွင်တံတား (ဘားအံ) ကနေ ဖြတ်သန်းခွင့်မပြုဘူးလို့ ကုန်သည်တွေက ပြောပါတယ်။
ကုန်သည်တယောက်က “ကုန်စည် စီးဆင်းမှုက လုံးဝရပ်နေတယ်။ ကြက်သွန်သမားတွေက ကြက်သွန်ထွက်ဖို့အတွက် အခက်အခဲရှိတယ်လေ။ ကြက်သွန်ကုန်သည်တွေက တံတားပေါ်ကသွားမှ ထရန်စ်နဲ့သွားမှာကို။ ကြက်သွန်သမားတွေအတွက် အခက်အခဲဖြစ်တယ်။ သယ်ဖို့လည်း အောက်ကနေ သယ်ဖို့က အခွန်ဆောင်ခွင့်မပေးဘူး။ အခွန်ဆောင်ခွင့်မပေးတော့ လာဖို့သွားဖို့မလွယ်ဘူး။ ကြက်သွန်သမားတွေက ပင်လယ်ရေကြောင်းသွားပြန်တော့ ပျက်စီးမှာ ကြောက်တယ်လေ။ ကြက်သွန်တွေက ပင်လယ်ဆားငံရေထိရင် အရောင်မဲတာ။ ပျက်စီးမြန်တယ်” လို့ ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ တံတားကနေ ကုန်စည်သယ်ဆောင်ခွင့် မြန်မာဘက်ခြမ်းက ပိတ်ထား တာကြောင့် နယ်စပ်ကုန်သွယ်ရေးကျဆင်းနေပြီး ပြဿနာဖြေရှင်းနိုင်ဖို့ မဲဆောက် - မြဝတီ လမ်းကြောင်းကနေ ကော့သောင်း - ရနောင်း လမ်းနဲ့ တာချီလိတ် - မယ်ဆိုင် လမ်းကြောင်းဘက်ကနေ ပြောင်းလဲတင်ပို့ဖို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ကုန်ပစ္စည်းတွေကို နယ်စပ် ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေအပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဝင်ရောက် စစ်ဆေးအရေးယူသွားဖို့ ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ညွှန်ကြားခဲ့ပြီးနောက် ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်လာတာပါ။
အောင်ခန့်