
အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့က တက္ကသိုလ် ၂ ခုနားမှာ ဆန္ဒပြသူ လူအုပ်ကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကျောင်းသားအဖွဲ့တွေနဲ့ အာဏာပိုင်တွေက စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး လူ ၈ ယောက် သေဆုံးခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။
စက်တင်ဘာ ၁ ရက်ည နှောင်းပိုင်းမှာ ဂျကာတာမြို့တော်ကနေ ၈၇ မိုင်ကျော် ဝေးတဲ့ အစ္စလမ်မစ်တက္ကသိုလ် (UNISBA) နဲ့ အနားက ပါဆန်ဒန်တက္ကသိုလ်တို့နားက လူအုပ်ထဲကို အာဏာပိုင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
လွှတ်တော်အမတ်တွေအတွက် အကျိုးခံစားခွင့်တွေ တိုးမြှင့်ပေးခြင်း အပါအဝင် အစိုးရအသုံးစရိတ်အတွက် အင်ဒိုနီးရှား မြို့တော် ဂျကာတာမှာ ဆန္ဒပြပွဲတွေ စခဲ့ပြီး နောက်ပိုင်းမှာ တနိုင်ငံလုံးဆီ ပျံ့နှံ့သွားခဲ့တာပါ။
မြို့တော်မှာ မော်တော် ဆိုင်ကယ် အငှားယာဉ်မောင်းတယောက်ကို ရဲတပ်ဖွဲ့ဝင်တွေက ဝင်တိုက်မိပြီးတဲ့နောက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အဓိကရုဏ်းက ပြင်းထန်လာခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သဘောထားကွဲလွဲမှုတွေကို နှုတ်ပိတ်ဖို့ ကြိုးပမ်းနေတယ်လို့ UNISBA ကျောင်းသားအဖွဲ့က စွပ်စွဲပါတယ်။ ကျောင်းဝင်းကို မျက်ရည်ယိုဗုံးတွေနဲ့ ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတ ဆူဟာတိုလက်ထက်က စစ်ခေါင်းဆောင်တယောက်ဖြစ်တဲ့ လက်ရှိ သမ္မတ ပရာဘိုဝို ဆူဘီယံတိုက အလုပ်သမားသမဂ္ဂတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
အနိမ့်ဆုံး လုပ်ခလစာ တိုးမြှင့်ရေးအတွက် ပြီးခဲ့တဲ့ သီတင်းပတ်က ဆန္ဒပြရာမှာ ပါဝင်ခဲ့ကြတဲ့ အလုပ်သမားသမဂ္ဂတွေက လွှတ်တော်အမတ်တွေကို အလုပ်သမားဥပဒေတွေ ဆွေးနွေးကြဖို့ ပြောခဲ့တယ်လို့ သူ့ရဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တောင်းဆိုထားပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က အင်ဒိုနီးရှားသံရုံးရှေ့မှာလည်း ဒါဇင်နဲ့ချီတဲ့ မလေးရှားနိုင်ငံသားတွေဟာ ကျောင်းသားဆန္ဒပြမှုကို ထောက်ခံတဲ့အနေနဲ့ စက်တင်ဘာ ၂ ရက်က စုဝေးခဲ့ကြပါတယ်။
အင်ဒိုနီးရှား အစိုးရကို ဆန့်ကျင်ဆန္ဒပြကြတဲ့ အင်ဒိုနီးရှားနိုင်ငံသား တွေနဲ့ စည်းလုံးညီညွတ်မှုကို ပြသဖို့လို့ ဆိုပါတယ်။
“ရဲတွေဟာ ပြည်သူတွေကို အကာအကွယ်ပေးသင့်ပြီး နိုင်ငံသားတွေကို ဖိနှိပ်တဲ့ အစိုးရရဲ့ လက်နက်အဖြစ် အပြောင်းမခံပါနဲ့” လို့ မလေးရှားနိုင်ငံက ပွဲတက်ရောက်သူ ဝေါင်ခုခွေက ပြောပါတယ်။
Source:Reuters