
မြန်မာပြည်တွင်း စားအုန်းဆီရည်ညွှန်းဈေးနှုန်းဟာ အခုအပတ်မှာလည်း ထပ်တက်လာပြီး ၁ ပိဿာကို ကျပ် ၆၄၁၀ နဲ့ ရောင်းချဖို့ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က သတ်မှတ်ဈေး ကျပ် ၆၃၀၀ နဲ့ယှဉ်ရင် ၁ ပိဿာကို ကျပ် ၁၁၀ ဈေးထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။
ကော်မတီက အပတ်စဥ် သတ်မှတ်ပေးတဲ့ စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းကစတင် မြင့်တက်လာတာဖြစ်ပြီး အခု သီတင်းပတ်နဲ့ဆိုရင် ခုနစ်ပတ် ဆက်တိုက် ပြန်တက်လာတာဖြစ်ပါတယ်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပိုတဲ့နိုင်ငံတွေရဲ့ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုအပေါ် အခြေခံပြီး ပြည်တွင်းမှာ ရောင်းချရမယ့် လက်ကားရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ပေးနေတာလို့ ကော်မတီက ဆိုထားပါတယ်။
ပြည်တွင်းမှာ အခြေခံလူတန်းစားတွေ အများဆုံး စားသုံးတဲ့ စားအုန်းဆီကို ပြည်တွင်းထုတ်လုပ်မှု မလုံလောက်တဲ့အတွက် မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကနေ နှစ်စဉ် တန်ချိန် ၉ သိန်းကနေ ၁၀ သိန်းကြား ဝယ်ယူတင်သွင်းနေရတာပါ။
မလေးရှားနိုင်ငံဟာ ဩဂုတ်လအတွက် စားအုန်းဆီကြမ်း ရည်ညွှန်းဈေး သတ်မှတ်ချက်ကို တိုးမြှင့်ခဲ့တာကြောင့် ပို့ကုန်အခွန်လည်း ၉ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ မလေးရှား အခြေစိုက် သတင်းတွေအရ သိရှိရပါတယ်။
တဖက်မှာတော့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က စားအုန်းဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို ထုတ်ရောင်းပေးနေပြီး တဖက်မှာလည်း စစ်ကောင်စီက ဆီအုန်းဆီတင်သွင်းမှုကိုလျှော့ချဖို့ကြိုးစားနေတယ်လို့ စီးပွားရေးလေ့လာ စောင့်ကြည်သူတွက သုံးသပ်ကြပါတယ်။
ဒါပေမဲ့ စားအုန်းဆီ လက်လီတစ်ပိဿာ ဈေးက ပြင်ပဈေးကွက်မှာတော့ ကျပ် ၁၀၀၀၀ အထက်မှာပဲ ဆက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
စားအုန်းဆီကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ အပါအဝင် မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမယ်လို့ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကတော့ သတိပေးချက်ထုတ်ထားပါတယ်။