
စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဩဂုတ် ၄ ရက်ကနေ ၁၀ ရက်အထိ ရန်ကုန်အထိုင်ဈေးအတွက် စားအုန်းဆီ တပိဿာကို ၆,၂၄၀ ကျပ်အဖြစ် အခြေခံလက်ကားရည်ညွှန်းဈေး သတ်မှတ် ထုတ်ပြန်ထားပါတယ်။
ဒီဈေးနှုန်းဟာ ဇူလိုင် ၂၀ ရက်အထိ ရှိခဲ့တဲ့ ၆,၀၃၀ ကျပ်နဲ့ နှိုင်းယှဉ်ရင် တပိဿာကို ကျပ် ၂၀၀ ကျော် တိုးလာတာဖြစ်ပြီး ရာခိုင်နှုန်းနဲ့တွက်ရင် ၃ ဒသမ ၄၈ ရာခိုင်နှုန်းခန့် မြင့်တက်လာတာ ဖြစ်ပါတယ်။
အခုနှစ် ဇန်နဝါရီလဆန်းပိုင်းက စားအုန်းဆီရည်ညွှန်းဈေးဟာ တပိဿာကို ၇,၂၈၀ ကျပ်အထိ ရှိခဲ့ပြီး ပြီးခဲ့တဲ့လတွေအတွင်းက ဈေးဆက်တိုက်ကျဆင်းခဲ့ပေမဲ့ ဇူလိုင် ၂၁ ရက်ကစပြီး ဈေးနှုန်း ပြန်လည်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
တဖက်မှာ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူတွေကို နိုင်ငံခြားငွေ သန်းချီပြီး ဆက်တိုက်ထုတ်ရောင်းပေးနေပေမဲ့ ရည်ညွှန်းဈေးကတော့ သုံးပတ်ဆက်တိုက် ပြန်တက်လာနေပါတယ်။
ကော်မတီကတော့ အဆိုပါရည်ညွှန်းဈေးနဲ့ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် စားသုံးဆီဝယ်ယူခွင့် စာအုပ်ရှိသူတွေကို ပြန်လည်ရောင်းချပေးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် စားအုန်းဆီရောင်းချသူတွေ အနေနဲ့လည်း သယ်ယူပို့ဆောင်စရိတ်နဲ့ အမြတ် ၂ ရာခိုင်နှုန်းနဲ့သာ ရောင်းချဖို့၊ ရောနှောဆီတွေ မရောင်းချဖို့နဲ့ အလေးချိန် မှန်မှန်ကန်ကန် ရောင်းချဖို့ စားသုံးသူရေးရာဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။
လက်ရှိ ပြင်ပလက်လီဈေးကွက်မှာတော့ စားဆီတပိဿာဈေးက ကျပ် ၁၀,၀၀၀ အထက်မှာပဲ ဆက်ရှိနေတယ်လို့ ရန်ကုန်မြို့ခံ ပြည်သူတွေဆီက သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ စားအုန်းဆီကို ပြည်တွင်းလိုအပ်ချက်အရ နှစ်စဉ် ပြည်ပကနေ တန်ချိန် ၈၀၀,၀၀၀ ကနေ ၉၀၀,၀၀၀ ဝန်းကျင်အထိ တင်သွင်းနေရတာ ဖြစ်ပါတယ်။