
မြန်မာကျပ်ငွေထက် ထိုင်းဘတ်ငွေကို အသုံးများတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ စက်တင်ဘာ ၁ ရက် မနက်က ထိုင်းဘတ်ငွေ ၁,၀၀၀ တန် အတု ၁၇ ရွက်နဲ့ စျေးဝယ်ခဲ့တဲ့ အမျိုးသား ၂ ယောက်ကို ရဲတွေက ဖမ်းမိခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။
မနေ့မနက် ၉ နာရီက ဝမ်နားကျေးရွာက ဈေးဆိုင်တဆိုင်မှာ အမျိုးသား ၂ ယောက် ထိုင်းဘတ်ငွေ ၁,၀၀၀ တန်တွေနဲ့ စျေးဝယ်ခဲ့ပြီးနောက် ဆိုင်ရှင်က စစ်ဆေးရာ ငွေစက္ကူအတုတွေဖြစ်နေလို့ အုပ်ချုပ်ရေးကို အကြောင်းကြားရာက ဖမ်းမိခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ထိုင်းဘတ်ငွေ ၁,၀၀၀ တန်တွေနဲ့ စျေးလာဝယ်တာ၊ ဆိုင်ရှင်က အတုမှန်းသိလို့ သူတို့ထွက်သွားမှ အုပ်ချုပ်ရေးကို အကြောင်းကြားလိုက်လို့ လိုက်ဖမ်းကြတာ၊ ဝမ်ပုံကားလမ်းမှာ မိတယ်၊ တာချီလိတ်မှာ ထိုင်းဘတ်ငွေအတုတွေကြောင့် ဆိုင်တွေခံရတာ ခဏခဏပဲ၊ အခုမှမိတာ။”
တာချီလိတ်မြို့နယ်အတွင်းမှာရှိတဲ့ ဖုန်းဆိုင်၊ ကုန်စုံဆိုင်၊ စားသောက်ဆိုင်တွေမှာ ဘတ်ငွေ ၁,၀၀၀ တန်အတု လာရောက်ဝယ်ယူသူတွေ ရှိတဲ့အတွက် ပြီးခဲ့တဲ့လက စျေးဆိုင်တွေ အပြန်အလှန် သတိပေးတာတွေ လုပ်ထားရကြောင်း လုပ်ငန်းရှင်တယောက်က DVB ကို ပြောပါတယ်။
“တာချီလိတ်မှာ ဘတ်ငွေ ၁,၀၀၀ တန် အတုကိစ္စက အတော်ဆိုးတာ၊ ဆိုင်တိုင်းနီးပါး ခံရတယ်။ နည်းတာနဲ့ များတာပဲ ကွာတာ။ အတုဆိုတာသိအောင် စစ်တဲ့ဘောလ်ပင်လည်း ဆောင်ထားတယ်။ စျေးဝယ်များတဲ့အချိန်ဆို ခံရတာပဲ။ သူတို့ကလည်း အဲဒီအချိန်ရွေးပြီး ဝယ်တာ။”
ဖမ်းမိသူ ၂ ယောက်မှာ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်မှ ကိုစည်သူနိုင်နဲ့ ခုတ်ဝကျေးရွာနေ ကိုဝင်းနိုင်တို့ဖြစ်ပြီး ဖမ်းမိချိန်မှာ စစ်တပ်နဲ့ ရဲက ထိုင်းဘတ် ၁,၀၀၀ တန်အတု ၁၇ ရွက်ကို သိမ်းဆည်းရမိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ကုန်သွယ်ရေးအတွက် ထိုင်းဘတ်ငွေကို တာချီလိတ်မြို့နယ်အပြင် တာလေ၊ မိုင်းဖြတ်၊ မိုင်းယောင်းနဲ့ မိုင်းယုမြို့နယ်တွေမှာလည်း အသုံးပြုကြပါတယ်။