
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်မှာ ဇူလိုင် ၁၇ ရက် မွန်းတည့် ၁၂ နာရီလောက်က လူငယ် ၂ ယောက် ကာရာအိုကေ (KTV) သွားဖို့ နေရာရွေးရင်း စကားများ ရန်ဖြစ်ရာက သူငယ်ချင်းဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
မနေ့ နေ့လယ် ၁၂ နာရီက တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင် ၇ လမ်းမှာ လူငယ် ၂ ယောက် စကားများရန်ဖြစ်ကာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး သေနတ်ပစ်ခတ်ခံရတဲ့ လူငယ်ကို ရဲတွေက တာချီလိတ်မြို့နယ်ဆေးရုံ ပို့ဆောင်ခဲ့ပေမဲ့ ဆေးရုံမှာ သေဆုံးသွားတယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ပါဝုန်းရွာဘက်မှာ နေတဲ့သူတွေ၊ ကားနဲ့အတူတူလာတာ အချင်းချင်း စကားများပြီး သေနတ်နဲ့ပစ်တာ တယောက်ထိသွားတယ်။ ရဲတွေလာတဲ့အထိ မသေသေးဘူး။ ဆေးရုံရောက်မှ သေသွားတာ။ ပစ်တဲ့သူကိုလည်း ညနေက မိသွားပြီ။”
အခင်းဖြစ်တဲ့နေ့က တာချီလိတ်မြို့နယ်၊ ပါဝုန်းကျေးရွာနေ သူငယ်ချင်းဖြစ်သူ ကိုစိုင်းရှန်နဲ့ KTV မှာ သီချင်းသွားဆိုဖို့ နေရာရွေးရင်း စကားများ ရန်ဖြစ်ရာမှာ ကိုစိုင်းရှန်က လက်သီးနဲ့ထိုးလို့ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြစ်မှုကျူးလွန်သူက ရဲစခန်းမှာ ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“KTV သွားဖို့ နေရာရွေးရင်း သူငယ်ချင်းအချင်းချင်း စကားများတယ်။ တယောက်က လက်သီးနဲ့ ထိုးတယ်၊ တယောက်က သေနတ်နဲ့ပစ်တယ်။ ပစ်ခံရတဲ့သူလည်းသေတယ်၊ ပစ်တဲ့သူက အရင်က လက်နက်မှုနဲ့ ထောင်ကျဖူးတယ်။ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတာ မကြာသေးဘူး။ လူသတ်မှု ထပ်ဖြစ်တာ။”
သေနတ်နဲ့ပစ်ခတ်ခဲ့သူ ကိုစိုင်းကျောက်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီက လက်နက်မှုနဲ့ ထောင်ကျခဲ့ပြီး နိုဝင်ဘာလမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူဖြစ်ပြီး အခုတော့ သူ့ကို တာချီလိတ်မြို့မရဲစခန်းက ပုဒ်မ- ၃၀၂ နဲ့ အမှုဖွင့်ထားပါတယ်။