
စာသင်ကျောင်းတွင်းနဲ့ ကျောင်းပြင်ပမှာ ဓားခုတ်မှု၊ ရိုက်နှက်မှုနဲ့ ထိုးကြိတ်မှုတွေ များလာတဲ့အတွက် ရန်ဖြစ်ရာမှာ ပါဝင်သူအားလုံးကို ကျောင်းပြောင်းပြစ်ဒဏ်ပေးဖို့ စစ်ကောင်စီခန့် ပညာရေးဝန်ကြီးက ညွှန်ကြားထားတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
ကျောင်းအတွင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု၊ ကျောင်းပြင်ပ အဖွဲ့လိုက်ရန်ဖြစ်မှုတွေဟာ စိုးရိမ်စရာ အခြေအနေ ဖြစ်လာတဲ့အတွက် ရန်ဖြစ်ရာမှာ ပါဝင်သူအားလုံးကို ကျောင်းပြောင်းပြစ်ဒဏ်ပေးဖို့ ညွှန်ကြားတာလို့ ရန်ကုန်မြို့ရှိ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
“ရန်ကုန်က ရန်ဖြစ်တဲ့ကျောင်းတွေ၊ ဓားထိုးမှုဖြစ်တဲ့ ကျောင်းတွေ အဓိကထားပြီး ပို့တာ၊ ဒီလိုဖြစ်စဥ်တွေ မဖြစ်အောင် မိဘနဲ့ ဆရာပေါင်းပြီး ပညာပေးဆွေးနွေးပွဲလုပ်ဖို့နဲ့ ပြောမရတဲ့ ကျောင်းသားတွေကို ရန်ဖြစ်တဲ့သူတွေကို ကျောင်းပြောင်းဖို့ ညွှန်ကြားတာ၊ ညွှန်ကြားစာက မနေ့ကမှ ရောက်တာပါ။”
၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အစမှာ မြောင်းမြ၊ ကော့သောင်း၊ ကျိုက်ထို၊ နေပြည်တော်နဲ့ ပြင်ဦးလွင်မြို့က စာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ ဗီဒီယိုရုပ်သံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် အခုလို ညွှန်ကြားတာလို့ ကျောင်းသားမိဘတယောက်က ဝေဖန်ပြောဆိုပါတယ်။
“လိုင်းပေါ်မှာ သတင်းပြန့်မှ အရေးယူတာထက် မဖြစ်ခင်က ကြိုတင်ကာကွယ်ရမှာ။ ကျောင်းမှာ တာဝန်ရှိသလို မိဘတွေမှာလည်း တာဝန်ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်တယ် ဆိုတဲ့နေရာမှာလည်း အပြစ်ရှိရင် ဗိုလ်မှူးသားပဲဖြစ်ဖြစ်၊ တပ်ရင်းမှူးသားဖြစ်ဖြစ် ပညာရေးဘက်က အရေးယူရဲတဲ့ သတ္တိရှိဖို့တော့ လိုတယ်။”
ပညာရေးဝန်ကြီး အပြောင်းအလဲကြောင့် နာမည်လိုချင်လို့ လုပ်တာထက် ကျောင်းသား၊ ကျောင်းသူတွေ အသက်မသေရေးအတွက် ကြိုတင်စီမံတာ ပိုပြီး ဘေးကင်းနိုင်ကြောင်း သူက ဆက်ပြောပါတယ်။
စာသင်ကျောင်းဆိုတာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေကို စိတ်ဓာတ်ကောင်း၊ အမူအကျင့်ကောင်းတွေ စွဲမြဲလာစေဖို့ ပြုစုပျိုးထောင်ပေးတဲ့ နေရာတခုဖြစ်လို့ ကျောင်းထားကြဖို့ ပညာရေးညီလာခံမှာ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။
ဒီလိုပြောဆိုထားပေမဲ့ စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း ရန်ကုန်တိုင်း တောင်ဒဂုံ၊ သန်လျင်၊ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံမြို့က စာသင်ကျောင်းတွေမှာ အုပ်စုဖွဲ့ အနိုင်ကျင့်မှုနဲ့ ရန်ဖြစ်တာတွေကြောင့် ကျောင်းသား ၂ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။