Home
နိုင်ငံတကာ
ပြင်သစ်အလယ်တန်းကျောင်းတွင် စစ်ဆေးရေးတာဝန်ကျသူကို ကျောင်းသားက ဓားဖြင့်ထိုးသတ်
DVB
·
June 11, 2025
Photo: BFMTV / FRENCH NATIONAL ASSEMBLY / SOCIAL MEDIA WEBSITE

ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း နိုးယန့်မြို့လေးရှိ အလယ်တန်းကျောင်းတကျောင်းရဲ့ ဂိတ်တံခါး အပြင်ဘက်မှာ ကျောင်းသားတွေရဲ့ အိတ်တွေကို စစ်ဆေးရေး တာဝန်ကျသူ အသက် ၃၁ နှစ်ရှိ ကျောင်းလက်ထောက်ကို ၁၄ နှစ်အရွယ် ကျောင်းသားက ဓားနဲ့ထိုးသတ်ခဲ့တာကြောင့် ဇွန် ၁၀ ရက်မှာ ရဲတပ်ဖွဲ့က အဲဒီကျောင်းသားကို စစ်မေးနေပါတယ်။

အဲဒီ ဆယ်ကျော်သက်ကို နိုးယန့်မြို့ အရန်ရဲတပ်ဖွဲ့မှာ စစ်ဆေးမေးမြန်းနေကြောင်း အု(ထ်)-မာ(န်) စီရင်စုက ပြောကြားခဲ့ပါတယ်။

“နိုးယန့်မြို့မှာ ကလေးတွေကို စောင့်ကြည့်နေချိန်မှာပဲ ကျောင်းလက်ထောက်တဦး အသက်ဆုံးရှုံးခဲ့ရပြီး အသိတရားမဲ့ အကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်ခဲ့ရပြီ” လို့ ပြင်သစ်သမ္မတ မက်ခွန်းက X လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။

တနိုင်ငံလုံး စိတ်နှလုံးကြေကွဲရပြီး အစိုးရက ရာဇဝတ်မှုလျှော့ချဖို့ စီစဉ်နေကြောာင်းလည်း ဆိုပါတယ်။

ပြင်သစ်လွှတ်တော်အမတ်တွေဟာ အသက်ဆုံးရှုံးသွားရတဲ့ ကျောင်းဝန်ထမ်းအတွက် တမိနစ် ငြိမ်သက် ဂါရဝပြုခဲ့ကြပါတယ်။

ပြင်သစ်ပညာရေးဝန်ကြီး အဲလစ်စဘက်သ် ဘွန်းန်က “ဒီသံသယရှိသူ ကျောင်းသားဟာ မိဘနှစ်ပါးလုံး အလုပ်လုပ်တဲ့ လူငယ်လေးဖြစ်ပြီး ဘာအခက်အခဲကိုမှ မပြခဲ့သူ၊ အထူးသဖြင့် အနိုင်ကျင့်မှုကို ဆန့်ကျင်တဲ့ သံတမန်ကျောင်းသားလည်း ဖြစ်ပါတယ်။ အခုဖြစ်ပျက်လာနိုင်တာတွေကြောင့် သူ့ဆရာတွေလည်း လုံးဝထိတ်လန့်နေကြပါတယ်” လို့ ပြောပါတယ်။

“လူငယ်တွေနဲ့ သိပ်ငယ်သေးတဲ့ ကလေးတွေကြားထဲမှာ ဓားတွေကိုင်နေကြပြီး အခုလည်း အသက် ၁၄ နှစ်သားကြောင့် လက်ထောက်တယောက် အသက်ဆုံးရတယ်။ ဒါ နေ့စဉ်နဲ့အမျှ လက်တွေ့ဖြစ်လာတဲ့ အဖြစ်မှန်တွေပါပဲ” လို့ ပြင်သစ်၀န်ကြီးချုပ် ဖရန်ဆွာ ဘိုင်ယ်ဟူက လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။

“ဖြစ်ပျက်ခဲ့သမျှကို ရိုးရိုးရှင်းရှင်း ရှုတ်ချနေလို့ပဲ မရဘဲ ဆုံးဖြတ်ချက်အသစ်တွေချဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ ဒါမှ ကိုယ့်ကလေးတွေနဲ့ သူတို့နဲ့ အလုပ်လုပ်တဲ့သူတွေမှာ အနည်းဆုံး လုံခြုံမှုရှိနိုင်မယ်” လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း လုံခြုံရေးစစ်ဆေးမှုတွေ ပိုမိုတင်းကျပ်လာပြီး ရာနဲ့ချီတဲ့ အန္တရာယ်ရှိ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ရကြောင်းလည်း ပြင်သစ်၀န်ကြီးချုပ် ဘိုင်ယ်ဟူက ပြောသွားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013