Home
နိုင်ငံတကာ
ကလေးရာချီကို လိင်ပိုင်းစော်ကားခဲ့သည့် ပြင်သစ်ခွဲစိတ်ဆရာဝန်ဟောင်း ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ
DVB
·
May 29, 2025
Photo: REUTERS / ZZIIGG

၁၉၈၉ ကနေ ၂၀၁၄ ခုနှစ်အတွင်း လူပေါင်းရာနဲ့ချီကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တဲ့ ခွဲစိတ်ဆရာဝန်ဟောင်း ဂျိုဝယ်လီစကွားနက်ဟာ အမြင့်ဆုံး ထောင်ဒဏ်အဖြစ် အနှစ် ၂၀ ချမှတ်ခံလိုက်ရပါတယ်။

လွန်ခဲ့တဲ့ မတ်လတုန်းက ကလေးအများစု အပါအဝင် လူနာ ၂၉၉ ယောက်ကို မတော်မတရား ကျူးလွန်မိခဲ့ကြောင်း လီစကွားနက်က ဝန်ခံခဲ့ပြီးနောက် အခုလိုမျိုး စီရင်ချက်ချခဲ့တာပါ။

အဲဒီနောက် ပြင်သစ်နိုင်ငံက တရားရုံးတခုမှာ အပြီးသတ်အမိန့်ကို ဖတ်ကြားနေစဉ်အတွင်း အမည်းရောင်ဝတ်စုံနဲ့  လီစကွားနက်ဟာ ဘာစိတ်ခံစားချက်မှမပြဘဲ ရပ်နေခဲ့တာ တွေ့ရပါတယ်။

လီစကွားနက်က သူ့လူနာတွေကို မေ့ဆေးပေးထားချိန် ဒါမှမဟုတ် ခွဲစိတ်ကုသမှုအပြီး ပြန်နိုးလာချိန်တွေမှာ အဓိကကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လောလောဆယ် တရားခံဖြစ်သူဟာ ထောင် ၇ နှစ် ကျခံရပြီးဖြစ်တာကြောင့် ၂၀၃၀ ပြည့်နှစ်မှာ အခြေအနေအရ လွတ်ငြိမ်းချမ်းသာခွင့် ရလာနိုင်ပါတယ်။

ဒါပေမဲ့လည်း အမိန့်စီရင်ချက်အရ ထောင်ဒဏ်စုစုပေါင်းရဲ့ အနည်းဆုံး သုံးပုံ နှစ်ပုံတော့ မဖြစ်မနေ ကျခံရမှာ ဖြစ်ပါတယ်။

“ဒီတရားခွင်မှာ ကျူးလွန်ခံရတဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ကြည့်ရင် အနှစ် ၂၀ ဆိုတာ နည်းလွန်းပါတယ်” ဆိုပြီး တရားလိုရှေ့နေက မှတ်ချက်ပေးပါတယ်။

ဒါကြောင့် “ဥပဒေတွေ ပြင်ဆင်ဖို့အတွက် အချိန်တန်ပါပြီ၊ ဒါမှသာ ပိုမိုသင့်တော်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်မှာဖြစ်တယ်” လို့လည်း ဖြည့်စွက်ပြောပါတယ်။

အဲဒီနောက် တရားခံရဲ့ ရှေ့နေဘက်က လီစကွားနက်ဟာ သူ့ကို ညှာတာမှုပေးဖို့ မမျှော်လင့်ထားသလို အယူခံဝင်မှာ မဟုတ်ဘူးလို့လည်း အတည်ပြုသွားပါတယ်။

ဒါဟာ ပြင်သစ်သမိုင်းတလျှောက် အကြီးမားဆုံးနဲ့ အဆိုးရွားဆုံးသော ကလေးသူငယ်ဆိုင်ရာ လိင်ပိုင်းစော်ကားမှုဖြစ်ကြောင်း ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းကလည်း လီစကွားနက်ဟာ သူ့တူမ ၂ ယောက် အပါအဝင် ကလေးငယ် ၄ ယောက်ကို မုဒိမ်းကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအရ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရပြီး ဖြစ်ပါတယ်။

ဒါ့အပြင် အသက် ၇၄ နှစ်အရွယ် တရားခံဖြစ်သူဟာ သူကျူးလွန်ခဲ့တာတွေကို ဒိုင်ယာရီစာအုပ်ထဲမှာ အသေးစိတ် ရေးသားထားတဲ့အလျောက် ရဲတပ်ဖွဲ့က ရှာဖွေ ဖော်ထုတ်နိုင်ခဲ့တာပါ။

အခုလအစောပိုင်းမှာ စိတ်ဒဏ်ရာကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ ကျူးလွန်ခံရသူ ၂ ယောက်ရဲ့ သေဆုံးမှုအတွက်ပါ မိမိမှာ တာဝန်ရှိတယ်လို့ လီစကွားနက် ကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ “ကျနော်ဟာ ကလေးသူငယ်တွေအပေါ် ကာမစိတ်တိမ်းညွှတ်သူ (Paedophile)၊ မုဒိမ်းကျင့်သူ ဖြစ်တာကြောင့် အရင်လိုမျိုး ကိုယ့်ကိုယ်ကိုယ် မမြင်နိုင်တော့ပါဘူး” လို့ တရားက မှတ်ချက်ပေးပါတယ်။

၁၄ ပတ်ကြာ တရားစီရင်မှုအတွင်း လီစကွားနက်ဟာ နေ့စဉ်ရက်ဆက် လူလုံးထွက်ပြခဲ့တဲ့အပြင် သူ့ရဲ့ “စက်ဆုပ်ဖွယ်ရာ” လုပ်ရပ်တွေအတွက်ပါ ထပ်ခါတလဲလဲ တောင်းပန်ခဲ့ပါတယ်။

၁၅ နှစ်ကျော်ကြာ တရားခံက လွတ်မြောက်နေခဲ့ပြီး ကလေးတွေကို ဆေးကုသခွင့် ဆက်ရနေခဲ့တဲ့ ကာလအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအပေါ်  ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013