
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာ အသား၊ ငါး အပါအဝင် ကုန်ပစ္စည်းတွေကို ပလတ်စတစ်အိတ် အသုံးပြု ရောင်းချတဲ့ ဈေးသည်တွေကို စစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ စည်ပင်ဝန်ထမ်းတွေက ဖမ်းဆီးပြီး ဒဏ်ငွေတောင်းယူခဲ့တယ်လို့ ဒေသခံ ဈေးသည်တွေဆီက သိရပါတယ်။
ပလတ်စတစ် သုံးစွဲမှု လျှော့ချဖို့ ဆိုတဲ့ စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ ရဲတွေနဲ့ စည်ပင်ဝန်ထမ်းတွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သား၊ ငါး ဈေးသည် အယောက် ၂၀ ကျော်ကို ဖမ်းဆီးပြီး ဒဏ်ငွေလို့ ခေါင်းစဉ်တပ်ကာ ဈေးသည်တယောက် ၃၀,၀၀၀ အထိ တောင်းယူခဲ့တာလို့ ဆိုပါတယ်။
ကျုံပျော်မြို့ခံ ဈေးသည်တယောက်က “အသား ငါး ဈေးထဲမှာ အဓိကစစ်ဆေးတာ။ ပလတ်စတစ်အိတ်နဲ့ ဈေးရောင်းလို့ ဒဏ်ငွေပေးရတာ။ ၃၀,၀၀၀ အထိတောင် ပေးရတာ။ ရဲပါတဲ့အဖွဲ့က လာစစ်ဆေးပြီး ငွေတောင်းတာ။ အရောင်းအဝယ်ကလည်း မကောင်းပါဘူးဆို အမျိုးမျိုး ဒုက္ခပေးနေတာ” လို့ ပြောပါတယ်။
ဖက်နဲ့ အသားငါးတွေ ထုပ်မရောင်းလို့ ဖမ်းဆီးခံရပြီး ဒဏ်ငွေပေးရတဲ့ ဈေးသည်တွေဟာ စည်ပင်သာယာကော်မတီက ခွင့်ပြုထားတဲ့ ရပ်ကွက်တွေထဲ ဖွင့်လှစ်ရောင်းချနေတဲ့ ပျံကျဈေးသည်တွေဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လာဖမ်း၊ စစ်ဆေး ဒဏ်ငွေဆောင်ရတာကြောင့် ဈေးဆက်မရောင်းနိုင်တော့တဲ့သူတွေပါ ရှိလာတယ်လို့ သိရပါတယ်။
ကျုံပျော်မြို့ခံတယောက်က “ကိုယ့်လုပ်စာ ကိုယ်မစားရတာ ဒီခေတ်ပေါ့။ စည်ပင်နဲ့ ရဲတွေ ပေါင်းပြီး လုပ်စားနေတာ။ အရေးယူတဲ့အနေနဲ့ ငွေ ကျပ် ၁၀,၀၀၀ လောက် ဒဏ်ရိုက်ရင် တော်သေးတယ်။ အခုက ၃၀,၀၀၀ တောင် ဆိုတော့ ဘယ်လွယ်ပါ့မလဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လကလည်း ကျုံပျော်မြို့မှာ ပလတ်စတစ်အိတ်နဲ့ အသားငါးတွေ ထုပ်ရောင်းလို့ဆိုပြီး ဈေးသည် ၃၀ ကျော်ကို တယောက် ကျပ် ၃၀,၀၀၀ နှုန်းနဲ့ ဒဏ်ငွေတောင်းယူခဲ့သေးတယ်လို့ ဈေးသည်တွေဆီက သိရပါတယ်။