
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ လသာကျေးရွာ၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ လက်နက်ကိုင်အဖွဲ့ တခုက ကုန်ကားတစီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၂၆ ရက် ညနေ ၄ နာရီလောက်မှာ ကိုနောင်ကင်းစစ်ကြောင်းက ကော့သောင်းမြို့မှ မြိတ်မြို့ကို မောင်းလာတဲ့ ကုန်ကားတစီးကို သတင်းအရ ဖမ်းဆီးခဲ့ပြီး ကားမှာပါလာတဲ့ ဆိုင်ကယ် ၈ စီးမှာ ၇ စီးကို သိမ်းယူကာ ကုန်ပစ္စည်းတွေကိုတော့ အနီးအနားရှိ ပြည်သူတွေဆီ ဝေငှပေးပြီး ကုန်ကားကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ကြောင်းတာဝန်ရှိသူ ကိုနောင်ကင်းက ပြောပါတယ်။
ကိုနောင်ကင်းစစ်ကြောင်းမှ တာဝန်ရှိသူ ကိုနောင်ကင်းက “ကျနော်တို့ ဒီကားကို ၅ လလောက် အချိန်ပေးပြီး စောင့်ကြည့်တာပါ။ စရဖ နိုင်လင်းစိုးရဲ့ ကားဖြစ်ကြောင်း အတည်ပြုနိုင်လို့ မီးရှို့လိုက်တာပါ။ ဆိုင်ကယ် ၈ စီးမှာ တစီးကိုတော့ ထားခဲ့ပြီး ၇ စီးကို သိမ်းဆည်းခဲ့ပါတယ်။ စားသောက်ကုန်တွေကိုတော့ အနီးရှိ ပြည်သူတွေဆီ ဝေပေးခဲ့တယ်။ ကားသမားတွေကိုတော့ နောက်လာတဲ့ကားနဲ့ ထည့်ပေးလိုက်တယ်။ ကားသမားတွေဆီက သိမ်းဆည်းထားတဲ့ဖုန်းတွေပါ ပြန်ပေးလိုက်တယ်” လို့ ပြောပါတယ်။
ကိုနိုင်လင်းစိုးဟာ စစ်ကောင်စီရဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က ဖြစ်ပြီး မြိတ်မြို့ရှိ ကားလိုင်းတွေအပေါ်မှာ ငွေကြေးကောက်ခံနေသူတယောက်လည်း ဖြစ်တယ်လို့ ကားသမားနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဆိုပါ မီးရှို့ခံရတဲ့ကားဟာ စရဖ နိုင်လင်းစိုးရဲ့ကား မဟုတ်ဘဲ ရွှေသာရီကားလိုင်းမှ အရပ်သားကားပိုင်ရှင်ဖြစ်ကြောင်း ကားသမားနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရောက်နေတဲ့ ကားတွေဟာ နှစ်ဖက်စလုံး ဂိတ်ကြေးပေးရတယ်။ ကားမထွက်ခင်ဆိုရင်လည်း စရဖဆီ ပိုက်ဆံပေးရတာရှိတယ်။ မပေးရင် စရဖတွေက အကြောင်းအမျိုးမျိုး သတ်မှတ်ပြီး ဖမ်းဆီးတဲ့ သာဓကတွေလည်း ရှိတယ်။ အဲဒီကားပိုင်ရှင်က ကားလိုင်းတွေဆီကနေ ပိုက်ဆံစုပြီး စရဖဆီ ပေးပေးနေရတာ။ သူ့ကားအတွက်လည်း ပေးရတယ်။ ပိုက်ဆံမပေးရင် ကားလည်းမထွက်ရဘူးလေ။”
အဆိုပါကားမှာ ဆိုင်ကယ် ၈ စီး အပါအဝင် စားသောက်ကုန်နဲ့ အဝတ်အထည်တွေ ပါဝင်တယ်လို့ DVB က စုံစမ်းသိရှိရပါတယ်။
ကားမှာပါတဲ့ ကုန်ပစ္စည်းပိုင်ရှင်တယောက်က “ကျမကုန်ပစ္စည်း ၁၂ မယ် ထိုင်းဘတ် ၂၀၀,၀၀၀ ကျော်ဖိုး ပါတယ်။ ပစ္စည်းတွေက ဝေပေးလိုက်တယ်လို့ ကြားရတော့ ပြန်လိုက်နေတယ်။ ဆုံးရှုံးထားတဲ့အတိုင်း အကုန်ပြန်ရဖို့က မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။
မြိတ်-ကော့သောင်းတလျှောက် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က ကားသမားတွေကို စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သယ်ခိုင်းနေပြီး ကုန်ပစ္စည်းအမျိုးအစားပေါ် မူတည်ကာ နှစ်ဖက်စလုံးကို ဂိတ်ကြေးပေးဆောင်နေရတယ်လို့ သိရပါတယ်။


