Home
မြန်မာသတင်း
ရန်ကုန်တွင် ရွေးကောက်ပွဲလုံခြုံရေးအတွက် "လုံခြုံရေးကြီးကြပ်မှုကော်မတီ” ဖွဲ့စည်း
DVB
·
August 28, 2025

ရန်ကုန်တိုင်းအတွင်း  ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ် ၁၂ မြို့နယ်မှာ သြဂုတ် ၂၆ ရက်က ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်ကောင်စီက  ‘လုံခြုံရေးကြီးကြပ်ရေးကော်မတီ’ ကိုဖွဲ့စည်းခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့် ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ အလုံနဲ့ သန်လျင်မြို့နယ်တွေမှာ  ဖွဲ့စည်းခဲ့တယ်လို့  အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

"တခြားမြို့နယ်တွေတော့ မသိဘူး။ မရမ်းကုန်းမှာ မနေ့ကဖွဲ့တာ။ ထွေအုပ်၊ စစ်တပ်၊ ဆယ်သွယ်ရေး၊ လဝက၊ ဥပဒေရုံးနဲ့ မီးသတ်၊ ရဲ နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေပါတယ်။ တာဝန်က ရွေးကောက်ပွဲ လုံခြုံရေးနဲ့ သက်ဆိုင်နဲ့ကိစ္စတွေပဲ။” 

လုံခြုံရေးကြီးကြပ်ရေးကော်မတီကို ဗဟိုအဖွဲ့မှာ ၁၄ ယောက် ၊ တိုင်းအစိုးရအဖွဲ့မှာ ၁၀ ယောက်၊ ခရိုင်မှာ ၈ ယောက်နဲ့ မြို့နယ်အဆင့်မှာ ၉ ယောက် နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

စစ်ကောင်စီက ဇူလိုင် ၂၉ ရက်ကထုတ်ပြန်ထားတဲ့ ရွေးကာဥပဒေအရ လုံခြုံရေးကြီးကြပ် ရေးကော်မတီကို ဖွဲ့စည်းဖြစ်ပြီး၊ ဒီလိုဖွဲ့စည်းတာဟာ လုံခြုံရေးထက် လူမှုကွန်ရက်ကနေ ရွေး ကောက်ပွဲဆန့်ကျင်သူတွေကို ဖမ်းဆီးဖို့ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတယောက်က ပြောပါတယ်။

"ရွေးကောက်ပွဲကို စစ်တပ်က အထိခံနိုင်မှာမဟုတ်ဘူး။ ဥပမာအနေနဲ့ပြောရရင် လားရှိုးကကား လုယက်မှုဖြစ်စဥ် လိုင်းပေါ်တင်တဲ့ကိစ္စ စစ်တပ်က အရင်လို ပုဒ်မ ၅၀၅ (က) ၊  ပုဒ်မ ၆၆ (ဃ) အမှု မဖွင့်ဘဲ ရွေးကောက်ပွဲကိုအနှောင့် အယှက်ပေးတယ်ဆိုပုဒ်မ ၂၃ နဲ့ အမှုဖွင့်တယ် ရွေးကာဥပဒေအရဆို ထောင် ၃ နှစ်ကနေ ၇ နှစ် ငွေဒဏ်လည်းဆောင်ရမယ် လုံခြုံရေးအရ မဟုတ်ဘဲ ဝေဖန်သူတွေကို စောင့်ကြည့်ဖမ်းဆီးဖို့အတွက် ဖွဲ့ထားတာဖြစ်တဲ့ ဖမ်းဆီးခံရသူတွေပိုများလာ နိုင်တယ်။”

ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပမယ့် အာဏာသိမ်းစစ်တပ်ရဲ့  ရွေးကောက်ပွဲ ပထမပိုင်းမှာ မြိုနယ်ပေါင်း ၄၅ မြို့နယ်ရှိတဲ့ ရန်ကုန်တိုင်းက မြိုနယ် ၁၂ မြို့သာပါဝင်ပြီး အဲ့ဒီမြို့နယ်တွေက ခရိုင်အခြေစိုက် မြို့နယ်တွေဖြစ်ပါတယ်။

ရွေးကောက်ပွဲပထမပိုင်းကို ပါတီ ၆၁ ပါတီက ဝင်ပြိုင်မှာဖြစ်ပြီး အဲ့ဒီထဲက ၉ ပါတီက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မှာဖြစ်ကာ ကျန်တဲ့ ၅၂ ပါတီက ပြည်နယ်နဲ့တိုင်းတွေမှာပဲ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013