ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွေကိုဖြတ်ကျော်နေတဲ့ လေဖိအားနည်းဆဲလ်ကြောင့် ဩဂုတ် ၂၇ ရက် ဒီနေ့ကနေ ၃ ရက်အတွင်း မြန်မာတနိုင်ငံလုံး မိုးရွာနိုင်ပြီး လေပြင်းတိုက်ခတ်၊ ရုတ်တရက်ရေကြီးနိုင်တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပြီး လက်ရှိမှာတော့ နေပြည်တော်၊ တပ်ကုန်းမြို့မှာ ရေကြီးနေပါတယ်။
ဒီနေ့မနက် ၆ နာရီလောက်က တပ်ကုန်းမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ပင်သာကျေးရွာနဲ့ ဗျိုင်းအင်းကျေးရွာ၊ အောင်ဇေယျဘုရားအနီးရှိ နေအိမ်တွေထဲကို ရေဝင်ရောက်လို့ ဒေသခံရွာသားတွေကို စက်လှေတွေနဲ့ ကူညီကယ်ဆယ်ရွှေ့ ပြောင်းပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မိုးလေဝသဌာနရဲ့ ဒီမနက် ၅ နာရီခွဲအချိန်တိုင်းထွာချက်တွေအရ လာအိုနဲ့ ထိုင်း နယ်စပ်မှာဖြစ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ လေဖိအားနည်းဆဲလ် အဖြစ် အားလျော့သွားခဲ့ပြီး အနောက်ဘက်ကို ဆက်ရွေ့နိုင်သလို နောက် ၁၂ နာရီအတွင်း လေပွေလှိုင်းအဖြစ် အားလျော့သွားနိုင်တယ်လို့ ဆိုပါတယ်။
ပြီးတော့ ရှမ်းပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
အဲဒီလေဖိအားနည်းဆဲလ်ရဲ့အရှိန်ကြောင့် ဒီမနက်ကနေ ဩဂုတ် ၂၉ ရက်အတွင်း တနိုင်ငံလုံးမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
လေဖိအားနည်းဆဲလ်ရဲ့အရှိန်ကြောင့် မိုးသည်းသည်းထန်ထန်ရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်နိုင်တာကြောင့် ကုန်းမြင့်ဒေသနားမှာ နေကြသူတွေအနေနဲ့ မြေပြိုတဲ့အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေနားမှာ နေကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံတာကို ကြိုတင်သတိပြုဖို့လည်း နှိုးဆော်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာလည်း လေဖိအားနည်းရပ်ဝန်းဟာ ဆက်ရှိနေပြီး ပိုအားကောင်းလာနိုင်သလို ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေဟာ အားကောင်းရာကနေ အားအလွန်ကောင်းနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကလည်း ‘အခုရရှိပြီးခန့်မှန်းချက်အရ စိုးရိမ်စရာအကောင်းဆုံး မိုးအလွန်များနိုင်တဲ့ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ် ဒေသတွေအတွက် အရင်သတိပေးထားပါမယ်’ လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ဩဂုတ် ၂၆ ရက် ညနေပိုင်းမှာ ဖော်ပြထားပါတယ်။