
နိုင်ငံခြားအလုပ်သမားများ ဝင်လာတာဟာ မကြာသေးမီနှစ်တွေအတွင်း ယူရိုဇုန်ရဲ့ စီးပွားရေးကို မြှင့်တင်ပေးခဲ့ပြီး အလုပ်ချိန်တိုတိုမှာ အမှန်တကယ် ပေးရတဲ့ လုပ်ခလစာတွေကို လျှော့ချပေးခဲ့တယ်လို့ ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌ ခရစ္စတင်း လာဂတ် က သြဂုတ် ၂၃ ရက်မှာ ပြောလိုက်ပါတယ်။
အလုပ်ချိန်ပိုနည်းပြီး ကဏ္ဍတချို့မှာ လူနေမှုအဆင့်အတန်း ကျဆင်းလာပေမယ့် အစုအဖွဲ့ရဲ့ စီးပွားရေးကို ပံ့ပိုးပေးတဲ့ အချက်အဖြစ် ယူရိုငွေ သုံးတဲ့ နိုင်ငံပေါင်း ၂၀ ပြင်ပကနေ အလုပ်သမားအရေအတွက် တိုးလာတာကို လာဂတ်က စာရင်းပြုစု ဖော်ပြခဲ့ပါတယ်။
နိုင်ငံခြားသား လုပ်သားတွေဟာ ၂၀၂၂ ခုနှစ်မှာ အလုပ်သမားအင်အား စုစုပေါင်းရဲ့ ၉ ရာခိုင်နှုန်း ဝန်းကျင်ကို ကိုယ်စားပြုပေမဲ့ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း တိုးတက်မှုရဲ့ ထက်ဝက်ကို ကိုယ်စားပြုခဲ့ပါတယ်လို့ အမေရိကန်နိုင်ငံ ဝိုင်အိုမင် ပြည်နယ် ဂျက်ဆင်ဟိုး တောင်ကြားက အမေရိကန် ဗဟိုဘဏ်ရဲ့ နှစ်ပတ်လည် ဆွေးနွေးပွဲမှာ လာဂတ်က ပြောခဲ့ပါတယ်။
ဒီလိုပံ့ပိုးမှုမရှိရင် အလုပ်သမားဈေးကွက်အခြေအနေက ပိုတင်းကျပ်လာပြီး အထွက်နှုန်းလည်း နည်းသွားနိုင်တယ်လို့ ဆိုပါတယ်။
ဂျာမနီနိုင်ငံမှာ ပြည်တွင်းအသားတင် ထုတ်လုပ်မှုက နိုင်ငံခြား အလုပ်သမားမရှိရင် ၂၀၁၉ ခုနှစ်ကထက် ၆ ရာခိုင်နှန်း နီးပါးနိမ့်ကျမှာ ဖြစ်ပြီး COVID-19 ကူးစက်ရောဂါဖြစ်ပြီးတဲ့နောက် စပိန်ရဲ့ စီးပွားရေးစွမ်းဆောင်မှု အားကောင်းတာဟာလည်း နိုင်ငံခြားအလုပ်သမားတွေရဲ့ ပံ့ပိုးကူညီမှု အပေါ် အကြွေးအများကြီး တင်နေတယ်လို့ လာဂတ်က ဆက်ပြောပါတယ်။
၄ နှစ်ဆက်တိုက် သဘာဝအတိုင်း လူဦးရေ လျော့ကျခဲ့ပေမဲ့ အသားတင် လူဝင်မှုက ထေမိခဲ့လို့ မနှစ်က ဥရောပသမဂ္ဂထဲမှာ လူဦးရေ စံချိန်တင် မြင့်တက်ခဲ့ပြီး လူဦးရေ ၄၅၀.၄ သန်း ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ ဒီဖြစ်ရပ်ကြောင့် ပြည်တွင်းမဲဆန္ဒရှင်တွေက လက်ယာဘက်စွန်း ပါတီတွေဘက်ကို အလေးသာလာခဲ့လို့ နိုင်ငံရေးအရ တုံ့ပြန်မှုတွေ ရှိလာခဲ့ပါတယ်။
ပြည်တွင်းမကျေနပ်ချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ အသစ်ရောက်လာသူတွေကို အစိုးရတွေက ကန့်သတ်နေပါတယ်။
အမေရိကန်နိုင်ငံမှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေကို ဖမ်းဆီးတာ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို ဖြိုခွင်းတာတွေကို ဆောင်ရွက်ခဲ့ပြီး ရာထူးတာဝန်ယူချိန်ကစလို့ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ တရားဝင်အဆင့်အတန်းကို ဖယ်ရှားခဲ့ပါတယ်။
Source: Reuters