
ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးအမှတ် ၂ တံတားကို ကြိုတင်အကြောင်းကြားတာ မရှိဘဲ စစ်တပ်ဘက်က ဩဂုတ် ၁၈ ရက်မနက်ကတည်းက တဖက်သတ်ပိတ်လိုက်တဲ့အတွက် ကုန်သွယ်မှုတွေ ရပ်တန့်ပြီး ကုန်စည်စီးဆင်းမှုတွေ မရှိတော့ဘဲ ကုန်သည်နဲ့ ပြည်သူတွေ အထိနာနေကြပါတယ်။
ဒီအတွက်ကြောင့် ကုန်ကားတွေအများအပြား ထိုင်းနိုင်ငံ မဲဆောက်ဘက်မှာ ပိတ်မိနေပြီး ပျက်စီးလွယ်တဲ့ ကုန်တွေ ဆုံးရှုံးကုန်ကြောင်းလည်း ကုန်သည်တွေက ပြောပါတယ်။
လက်ရှိမှာတော့ ကုန်သွယ်ရေးတွေ ရပ်တန့်နေပြီး ကုန်တွေ ပို့ခွင့် သွင်းခွင့် မရတဲ့အတွက် ကုန်သည်ကြီးတွေ ထိခိုက်ခဲ့ကြောင်း သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တယောက်က “အမှန်ကတော့ နှစ်ဖက် Border Trade မှာ government to government ပိတ်တာ မဟုတ်ဘဲနဲ့ တဖက်သတ် အဲဒီနေ့က နေပြည်တော်ရဲ့ ညွှန်ကြားချက်ဆိုပြီးတော့ ဒီမှာရှိတဲ့ အမှတ် ၂ တံတားကို ကုန်စည်ကူးသန်းမှုတွေ ပိတ်လိုက်တာပေါ့။ အာရှလမ်းမကြီးကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ပြီးကတည်းက ကုန်စည်ကူးသန်းမှုက ပုံမှန်တော့ ရှိမနေဘူးလေ။ အမျိုးမျိုးကဲ့ပြီး သွားလာနေရတော့ တချို့ပစ္စည်းတွေဆို မသွားနိုင်ဘူးလေ။ အာဏာမသိမ်းခင်က သွားနေတဲ့ ပြောင်းဖူးဈေးကွက်ဆို လုံးဝ ပြတ်သလောက် ဖြစ်သွားတယ်။ ထိုင်းက ဝင်တဲ့ပစ္စည်းတွေကိုပါ လက်မခံတော့တာပေါ့။ အဲဒီတော့ တချို့ဒီတံတားကနေ ထိုင်းကိုပို့တဲ့ ပို့ကုန်တွေ export import တွေ ရပ်တန့်သွားတယ်။ ကုန်သည်တွေ ဆုံးရှုံးနစ်နာမှုရှိတယ်၊ တချို့ transit နဲ့ သွားတာရှိတယ်။ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ကိုဆို ကြက်သွန်နီတွေ သွားတာရှိတယ်၊ အဲဒါတွေလည်း ရပ်တန့်သွားတာပေါ့။ အဓိက ကုန်သည်တွေဆီ ထိမယ်၊ နောက် တောင်သူတွေပေါ့၊ ပြည်သူတွေပဲ ပိုပြီးတော့ ထိခိုက်မှာပေါ့” လို့ ပြောပါတယ်။
The Nation ထိုင်းသတင်းမှာတော့ ထိုင်းဘက်ကို မြန်မာစစ်တပ်က ကြိုတင်အကြောင်းကြားတာ မရှိဘဲ ယာယီပိတ်ပင်လိုက်တာဖြစ်ပြီး အခုလိုပိတ်ပင်မှုက ကြီးမားတဲ့ ကုန်စည်စီးဆင်းမှုကို ရပ်တန့်စေပြီး ခန့်မှန်းခြေ ကုန်သွယ်မှုတန်ဖိုး ဘတ်သန်း ၁၃၀ ကို ဆုံးရှုံးနစ်နာနေကြောင်း ဖော်ပြပါတယ်။
ဩဂုတ် ၂၀ ရက်အထိတော့ အမှတ် ၂ တံတားပြန်ဖွင့်တာမျိုး မရှိသေးဘဲ ထိုင်းဘက်က ဘယ်လိုကုန်မှ မြန်မာဘက်ကို ပို့လို့မရသလို မြန်မာကုန်စည်တွေလည်း ထိုင်းဘက်ကို သယ်ယူလို့မရကြောင်း မဲဆောက်မြို့က ကုန်သည်ကတယောက်က ပြောပါတယ်။
“အခုအမှတ် ၂ တံတားကို ဟိုဘက်ခြမ်းက ပိတ်လိုက်တယ်။ ကျမတို့ စားသောက်ကုန်ရောင်းတာ မြန်မာဘက်အခြမ်းက မြန်မာကုန်တွေကို မြန်မာတွေပဲ စားကြတာဆိုတော့ ဒီဘက်ကို ကုန်သွင်းတဲ့စနစ်မှာ တော်တော်လေး အခြေအနေမကောင်းဘူးပေါ့။ အရင်ကတည်းကမှ ရန်ကုန်ကနေ မြဝတီရောက်ဖို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေများလို့ ကုန်ဈေးနှုန်းတွေက တအားတက်ပါတယ်ဆိုမှ၊ တခုအဲဒါက ပိတ်လိုက်တယ်ဆိုတော့ ပိုဆိုးသွားတာပေါ့။ ဒီတိုင်းပိတ်ထားမယ်ဆိုရင် ကုန်ဝင်ဖို့က လွယ်လွယ်နဲ့ မဝင်တော့တဲ့အတွက် ဥပမာ နည်းမျိုးစုံနဲ့ ကြံဖန်ပြီးသွင်းတဲ့အတွက် မြန်မာပစ္စည်းကတော့ တဆကနေ နှစ်ဆထိ တက်လာဖို့ ခန့်မှန်းထားကြတယ်ပေါ့ ကုန်သည်ကြီးတွေကတော့။ ရေရှည်ပိတ်ထားမယ် ဆိုရင်တော့ နှစ်ဦးနှစ်ဖက်လုံးမှာတော့ အခက်အခဲရှိတယ်၊ စားသုံးသူတွေပေါ်မှာတော့ အများကြီး အခက်အခဲရှိတယ်၊ ကျမတို့အပေါ်မှာလည်း အခက်အခဲရှိတယ်ဆိုတော့ ညှိနှိုင်းကြလိမ့်မယ်တော့ ကျမ မြင်တယ်။”
ရုတ်တရက် တံတားပိတ်ထားတဲ့အတွက် ကုန်သည်တွေက ငွေချေပြီးသားဖြစ်တဲ့အတွက် လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး စတဲ့အသီးအနှံတွေနဲ့ သက်တမ်းကုန်လွယ်တဲ့ ပစ္စည်းတွေကို ထိုင်းဘက်မှာပဲ ဈေးပြောင်း ရောင်းနေရကြောင်းလည်း သိရပါတယ်။
ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၂ တံတားကို ဩဂုတ် ၂၁ ရက်လောက်မှာ ပြန်ဖွင့်နိုင်ခြေရှိကြောင်း ထိုင်းသတင်းတွေမှာ ခန့်မှန်းဖော်ပြနေပါတယ်။
ဝေဝေ