Home
မြန်မာသတင်း
အရှေ့ဒဂုံတွင် မှတ်ပုံတင်ပြုလုပ်လျှင် သိန်းနှင့်ချီပြီး ငွေပေးရ 
DVB
·
August 20, 2025

ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်မှာ မှတ်ပုံတင်လုပ်ရင် ဖောင်ဖိုးကနေ မှတ်ပုံတင်ရတဲ့အထိ ငွေကျပ် ၈၀,၀၀၀ မှ ငွေကျပ် ၁၀၀,၀၀၀ ကုန်ကျတာကြောင့် ပြည်သူတွေ အခက်အခဲ ဖြစ်နေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲမှာ မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်နဲ့ မှတ်ပုံတင် လုပ်ပေးနေပေမယ့် မြေပြင်မှာ ဖောင်ဖိုးကစပြီး အဆင့်ဆင့် ပေးနေရတာကြောင့် မှတ်ပုံတင် တခုရဲ့ တန်ဖိုးဟာ ငွေကျပ် ၈၀,၀၀၀ ကနေ ငွေကျပ် ၁၀၀,၀၀၀ အထိ ကုန်ကျနေတယ်လို့ ၁ ရပ်ကွက်နေ ပြည်သူတယောက်က DVB ကို ပြောပါတယ်။ 

“မှတ်ပုံတင်လုပ်ဖို့ ဖောင်ကို ၅,၀၀၀ ပေးဝယ်ရတယ်။ ထောက်ခံစာယူလည်း ၅,၀၀၀ ကနေ ၁၀,၀၀၀ ကြားပဲ။ အဲဒီလို အဆင့်ဆင့်ပေးလာရတာ။ မှတ်ပုံတင်ရတဲ့နေ့ ၄၀,၀၀၀ ထပ်ပေးရတယ်။ စုစုပေါင်း ကုန်ကျစရိတ်က ၈၅,၀၀၀ ကျတယ်။ ပိုက်ဆံရှိတဲ့သူတွေက လူကိုယ်တိုင် မသွားဘူး။ အိမ်မှာထိုင်နေရုံပဲ။ အိမ်အထိ လက်ဗွေလာနှိပ်ပေးတာ။”

ပုံစံ-၆၆ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်အသစ် ပြုလုပ်သူတွေအနေနဲ့ လဝကရုံးမှာ ဖောင်တစောင်ကို ၅၀၀၀ ကျပ်နဲ့ ဝယ်ယူပြီးပါက ၅ ဦးကော်မတီမှာ လက်မှတ်သွားထိုးရပြီး ဌာနတခုကို ၅၀၀၀ ကျပ်နဲ့ ၂၅၀၀၀ ကျပ် ထပ်မံကုန်ကျတယ်လို့ ကြာနီကန်ကျေးရွာနေသူ တယောက်က DVB ကို ပြောပါတယ်။ 

“အရှေ့ဒဂုံမှာ မှတ်ပုံတင်လုပ်မယ်ဆို ကနဦး ၃၀,၀၀၀ အရင်ရှာထား။ ဖောင်ဖိုးက ၅,၀၀၀ က ပြီးရင် လဝကဦးစီးမှူး၊ စီမံကိန်းဦးစီးမှူး၊ ရဲမှူး၊ ကျန်းမာရေးဦးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဌာန ၅ ခုမှာ လက်မှတ်ထိုးဖို့ ဌာနတခုကို ၅,၀၀၀ နဲ့ ၂၅,၀၀၀ ကုန်မယ်။ အဲဒီလိုကုန်လည်း မှတ်ပုံတင် မရသေးဘူးနော်။ မှတ်ပုံတင်ရဖို့ဆို ၁၀၀,၀၀၀ ကုန်တယ်။ မှတ်ပုံတင်က လဝကရုံးက စီမံချက်နဲ့ လုပ်ပေးတာလား၊ ​မှတ်ပုံတင်ကို ရောင်းစားနေတာလား မေးချင်တာ။”

အရှေ့ဒဂုံ လဝကဦးစီးမှူးရုံးမှာ နာမည်ဆိုးနဲ့ကျော်ကြားပြီး ငွေတောင်းကြမ်းတဲ့ ဝန်ထမ်းတွေကတော့ ဦးစီးအရာရှိ ဦးကျော်ဝင်းထွန်း၊ လဝကမှူး ဦးယဥ်မြင့်၊ လဝကမှူး ဒေါ်စိုးစိုးအေး၊ လဝကမှူး ဒေါ်ဆန်းနု နဲ့ ဒုလဝကမှူး ဒေါ်သဇင် တို့ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မှတ်ပုံတင်ရှိမှ မဲပေးရမယ်ဆိုပါက အရှေ့ဒဂုံမှာ မဲပေးနိုင်သူ နည်းပါးနိုင်တယ်လို့ ထောက်ပြသူတွေလည်း ရှိနေပါတယ်။

အာဏာရှင်စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေက ၁၉၈၉ ခုနှစ်မှာ အရှေ့ဒဂုံမြို့နယ်ကို ရပ်ကွက်ပေါင်း ၅၄ ရပ်ကွက်၊ ကျေးရွာ ၃ ရွာနဲ့ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013