
မဲမသမာမှုပြုလုပ်တယ်လို့ စွပ်စွဲပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း ဇူလိုင် ၂၈ ရက်မှာ ကိုယ်တိုင်လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၁၀) ရဲ့ နောက်မှာ ပုဒ်မခွဲငယ် (၁၁) အဖြစ် “ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို ကျုးလွန်ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိခြင်း” ဆိုတဲ့ စာသားပါ ပုဒ်မခွဲငယ်တခုကို စစ်ကောင်စီက ဖြည့်စွက်လိုက်တာပါ။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အခန်း ၃ (ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း)ရဲ့ ပုဒ်မ ၁၂ ပုဒ်မခွဲ (က) မှာ မူလက ပုဒ်မခွဲငယ် (၁၀) ထိပဲရှိပြီး စစ်ကောင်စီက ပုဒ်မခွဲငယ် တခု ထပ်မံဖြည့်စွက်လိုက်တာဖြစ်ပါတယ်။
ပုဒ်မ ၁၂ ပြဋ္ဌာန်းချက်တွေဟာ နိုင်ငံရေးပါတီ တခုဟာ ပုဒ်မ ၁၂ ပုဒ်မခွဲ(က)ရဲ့ ပုဒ်မခွဲငယ် ပြဋ္ဌာန်းချက် တရပ်ရပ်နဲ့ ငြိစွန်းရင် နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းဖို့ ပြဋ္ဌာန်းထားတဲ့ ပုဒ်မတွေဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဒီနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ရှေ့မှာ တကြိမ်ပြင်ဆင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။