
ထိုင်းနိုင်ငံကို မြန်မာ့ပြောင်း အကောက်ခွန်လွတ် တင်ပို့ခွင့်ကာလဟာ မကြာမီ ပြီးဆုံးတော့မှာဖြစ်ပြီး ပြည်တွင်း ပြောင်းဈေးတွေလည်း ကျဆင်းနေတယ်လို့ ပြောင်းကုန်သည်တွေဆီက သိရပါတယ်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးနှုန်းအရ ပြည်တွင်းပြောင်းဈေးဟာ လက်ရှိမှာ တပိဿာကို ၁,၆၅၀ ကျပ်အထိသာ ရှိလာပြီး ဇူလိုင်လ ပထမပတ်က တပိဿာ ၁,၇၅၀ ကျပ်နဲ့ နှိုင်းယှဉ်ရင် ၁၀၀ ကျပ်ခန့် ဈေးကျဆင်းလာတာ တွေ့ရပါတယ်။
ဒါ့အပြင် ပြောင်း FOB (YGN) ဈေးနှုန်းကလည်း ဇူလိုင် ပထမပတ်မှာ တတန်ကို အမေရိကန်ဒေါ်လာ ၂၇၀ အထိ ရရှိခဲ့ပေမဲ့ ဩဂုတ်လ တတိယပတ်မှာတော့ တတန်ဈေး ဒေါ်လာ ၂၆၀ အထိ ကျဆင်းလာပါတယ်။
ထိုင်းကို အခွန်လွတ်တင်ပို့တဲ့ ပြောင်းရာသီဟာ ဖေဖော်ဝါရီ ၁ ရက်က စတင်တာဖြစ်ပြီး အခု သြဂုတ်လကုန်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း အဆိုအရ အခုရာသီအတွင်း ထိုင်းနိုင်ငံကို တန်ချိန် တသန်းကျော် တင်ပို့နိုင်ခဲ့ပေမဲ့ ပြောင်းအထွက်နှုန်း လျော့နည်းတာကြောင့် အရင်နှစ်ထက် ပမာဏ လျော့နည်းသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်ရှိ ထိုင်းကိုတင်ပို့တဲ့ ဈေးနှုန်းကလည်း အကျဘက်ရောက်နေတဲ့အတွက် တောင်သူနဲ့ ကုန်သည်တွေအတွက် စရိတ်တွက်ခြေမကိုက်တော့ဘဲ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အရင်နှစ်တွေက ထိုင်းနိုင်ငံကို မြဝတီနယ်စပ်လမ်းကြောင်းက တဆင့် တင်ပို့ခဲ့ပေမဲ့ အခုအခါ လမ်းပိုင်းအခက်အခဲကြောင့် ရေကြောင်းလမ်းကိုပဲ အသုံးပြုပြီး တင်ပို့နေရတာပါ။
မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံကို အများဆုံး တင်ပို့နေတာဖြစ်ပြီး တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေကိုလည်း တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။