
ပွဲစဉ်၁အပြီးမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တဲ့အသင်းကို အင်္ဂလန်လက်ရွေးစင်ဟောင်း ၂ ယောက်ဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ ဂျေမီကာရေဂါတို့က ခန့်မှန်း ရွေးချယ်သွားပါတယ်။
စကိုင်းစပေါ့ရဲ့ Monday Night Football အစီအစဉ်မှာ ရွေးချယ်ခဲ့ကြတာဖြစ်ပြီး ၂ ယောက်စလုံးရဲ့ ရွေးချယ်မှုက ကွဲပြားခြားနားမှု ရှိခဲ့ပါတယ်။
ကာရေဂါက အသင်းဟောင်း လီဗာပူးအသင်းပဲ ချန်ပီယံဆုကာကွယ်နိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့ပြီး ဂယ်ရီနဗီးလ်ကတော့ တချိန်ကပြိုင်ဘက်ဟောင်း အာဆင်နယ်အသင်း ရယူနိုင်လိမ့်မယ်လို့ သုံးသပ် ရွေးချယ်ခဲ့တာပါ။
ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ မာကျောကျစ်လစ်ပြီး၊ ယုံကြည်စိတ်ချရမှု ခံစားရတဲ့အပြင် ခြေစွမ်းကောင်းကိုလည်း စဉ်ဆက်မပြတ် ထိန်းလာနိုင်မှုက ချန်ပီယံဆုအတွက်အရေးပါပြီး အဲဒါက အာဆင်နယ်ကို ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း နဗီးလ်ကပြောပါတယ်။
ဒါ့အပြင် တိုက်စစ်မှူးသစ် ယိုကာရက်စ်ဟာ အာဆင်နယ်လိုအပ်နေတဲ့သူဖြစ်ပြီး အကောင်းဆုံး လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း သုံးသပ်ပါတယ်။
ဒါ့အပြင် အသင်းဟောင်း မန်ယူနိုက်တက်ဟာ အဆင့်လေး ၄ မှာ ရပ်တည်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရလိမ့်မယ် လို့ နဗီးလ်က သုံးသပ်သွားပါတယ်။
Photo: Reuters